နေပြည်တော် နိုဝင်ဘာ ၄
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာန ကဆောင်ရွက်မည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထို လမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အိုဒီအေချေးငွေ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်မည့် အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (အဆင့်-၃) အတွက် အိုဒီအေ ချေးငွေ ဂျပန်ယန်း ၁၅ ဘီလီယံတို့အတွက် လဲလှယ်မှုစာချွန်လွှာများ (Exchange of Notes) နှင့် ချေးငွေစာချုပ်များ (Financing Agreements) ကို ယနေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ (JICA) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးခဲ့ကြသည်။
လဲလှယ်မှုစာချွန်လွှာများကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံ အမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမ တို့ကလည်းကောင်း၊ ချေးငွေစာချုပ်များကို စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ မြန်မာနိုင်ငံရုံးခွဲအကြီးအကဲ ဆာကခုရနိုရိဂျိတို့ကလည်းကောင်း လက်မှတ် ရေးထိုးကြသည်။
အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထိုလမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးလုံခြုံ ချောမွေ့စေပြီး ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေသည့်အပြင် ပြည်တွင်း ပြည်ပ ကုန်သွယ်မှု ပိုမိုတိုးတက်လာစေခြင်း ၊ ရန်ကုန်-ပဲခူး-မြဝတီလမ်း၏ အတိုဆုံး လမ်းကြောင်းဖြစ်သဖြင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်နိုင်သော ယာဉ်ကြော ပိတ်ဆို့မှုများနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းတို့ကို ဖြေရှင်း ပေးနိုင်ခြင်း၊ အာဆီယံနိုင်ငံ များဖြစ်သော မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံများသို့ ဆက်သွယ်ထား သောလမ်းမကြီးဖြစ်ရာ အာဆီယံအသိုက်အဝန်းရှိ ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားသို့ လမ်းပန်းဆက်သွယ်မှုတိုးမြှင့် ကောင်းမွန်စေခြင်း စသည့် အကျိုးကျေးဇူး များရရှိမည်ဖြစ်သည်။
ထို့ပြင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့်-၃) အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသော COVID–19 ကူးစက် ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော MSMEs လုပ်ငန်းများ ပြန်လည် အားကောင်း လာစေရန် အတိုးနှုန်း သက်သာသော ချေးငွေများဖြင့်ပံ့ပိုးကူညီပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)