နေပြည်တော် နိုဝင်ဘာ ၄
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ် -တိုင်ပေ) ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၂၃)ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၀)ကို ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ် သည့် China Airlines ကုန်တင်လေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီခွဲ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ထို့ပြင် မလေးရှားနိုင်ငံ၌အခက်အခဲကြုံတွေ့နေရသည့် Asahi Kosei Sdn Bhd ကုမ္ပဏီမှ မြန်မာ အလုပ်သမား (၁၅၇)ဦးကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် ၎င်းတို့ကုမ္ပဏီမှ ပူးပေါင်း စီစဉ် သည့် Malaysia Airlines လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင် ခဲ့ရာ ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ် ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၇)ရက် နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ သင်္ဘော သားများ အား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊သက်ဆိုင်ရာနိုင်ငံများရှိမြန်မာသံရုံးများနှင့်ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
(သတင်းစဉ်)