Skip to main content

အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းမှုကို ထိန်းချုပ်ကန့်သတ်ခြင်း၊ အသိပညာပေးခြင်းနှင့် အိုဇုန်းလွှာပျက်စီးစေသည့် အအေးပေးပစ္စည်းများ သုံးစွဲမှုလျှော့ချခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၆

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၉) သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအိုဇုန်းယူနစ်အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် လေအေးပေးစက်ဆိုင်ရာ ပညာရှင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါစာချုပ်၏ ပြင်ဆင်ချက်လေးခုဖြစ်သော လန်ဒန်ပြင်ဆင်ချက်၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်၊ မွန်ထရီယယ်ပြင်ဆင်ချက်၊ ပေကျင်းပြင်ဆင်ချက်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် သဘောတူလက်မှတ်ရေးထိုးခဲ့ကာ အိုဇုန်းလွှာ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့် လိုက်နာရမည့် ကတိကဝတ်များကို အပြည့်အဝလိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်၏ ပဉ္စမမြောက် ပြင်ဆင်ချက်ဖြစ်သည့် ကီဂါလီပြင်ဆင်ချက်တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

မွန်ထရီယယ်သဘောတူစာချုပ်အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် စာချုပ်ပါသတ်မှတ်ချက်များ၊ ကတိကဝတ်များနှင့်အညီ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထုတ်လုပ်မှု၊ သုံးစွဲမှုများကို ကန့်သတ်ထိန်းချုပ်ခြင်းအား အခြားကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ဆောင်ရွက်လျက်ရှိပြီး အိုဇုန်းအတွင်းရေးမှူးချုပ်ရုံးမှ နှစ်စဉ်ကျင်းပသည့် နိုင်ငံတကာအစည်းအဝေးများတွင် မပျက်မကွက်တက်ရောက်ဆွေးနွေးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံသို့ နှစ်စဉ်တင်သွင်းအသုံးပြုနေသည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) ၊ မီသိုင်းဘရိုမိုဒ် (MBr)နှင့် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) ဆိုင်ရာ Country Programme Data နှင့် Article 7 Data Report တို့ကို အိုဇုန်းအတွင်းရေးမှူးချုပ်ထံ တင်သွင်းခြင်းစသည့် မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ ဝတ္တရားများကို မပျက်မကွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းမှုကို ထိန်းချုပ်ကန့်သတ်ခြင်းလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အိုဇုန်းလွှာပျက်စီးစေသည့် အအေးပေးပစ္စည်းများ သုံးစွဲမှုလျှော့ချခြင်းတို့ကို ကမ္ဘာ့နိုင်ငံများနည်းတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူတစ်ဦး တစ်ယောက်ချင်းကလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ရည်မှန်းချက်ပန်းတိုင်သို့ ချောမွေ့အောင်မြင်စွာ ရောက်ရှိနိုင်မည်ဖြစ်သောကြောင့် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်၏ သဝဏ်လွှာကို ဖတ်ကြားသည့် Video၊ ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Video၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Inger Andersen ၏ Memorial Video ပြသခြင်းအစီအစဉ်များကို ကြည့်ရှုအားပေးပြီး အိုဇုန်းအသိပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်