နေပြည်တော် စက်တင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ဆောင်ရွက်ထားမှုကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ဥတ္တရသီရိမြို့နယ် တောင်ညိုကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီး မိုင်တိုင်၂၂၂/၅ ရှိ တစ်အုပ် တစ်မစိုက်ခင်း ၁၅ ဧက စိုက်ပျိုးပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးထားသောအပင်များ ဆက်လက်ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် မိုင်တိုင် ၂၃၃/၂ ရှိ တစ်အုပ်တစ်မ စိုက်ခင်း ၁၅ ဧက တည်ထောင်စိုက်ပျိုးရန် မြေနေရာရှင်းလင်းနေမှုကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် အထက်ဆင်သေကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီး မိုင်တိုင် ၂၄၀ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၀ ဧက စိုက်ပျိုးပြီးစီးမှုကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်းအတွင်း မိုင်တိုင် ၂၆/၁ ရှိ တစ်အုပ် တစ်မစိုက်ခင်း ၁၀ ဧက စိုက်ပျိုးပြီးစီးမှုကိုလည်းကောင်း၊ ငလိုက်ကြိုးဝိုင်းအတွင်း မိုင်တိုင် ၂၂၂/၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၅ ဧက စိုက်ပျိုးပြီးစီးမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာအပါအဝင် အာဆီယံကားလမ်းဘေးဝဲယာနှင့် အပူပိုင်းဒေသ၁၃ခရိုင်အတွင်းရှိ ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် ကားလမ်းဘေးဝဲယာတွင် တောအုပ်ငယ်များအသွင်ဖြစ်စေရန် တစ်အုပ်တစ်မစိုက်ပျိုးခြင်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ မိုးရာသီတွင် တစ်အုပ်တစ်မစိုက်ခင်း ၁၂၂ ဧက အပင် ၁၈၃၀၀ ကို စိုက်ပျိုးလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိမ်းလန်းစိုပြည်ရေးအတွက် အမြန်လမ်းမကြီးဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးခြင်းအပါအဝင် မြေနေရာ ဧက ၁၆၅ ဧကတွင် အပင် ၁၉၄၂၀၀ ကို ၂၀၂၅ မိုးရာသီအတွင်း စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်