Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော် စက်တင်ဘာ ၁၅

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) တွင်ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဖွင့်ပွဲများပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

 ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာတပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ကြားသိရပါတယ်-

၁။ ပြည်သူ့စစ်မှုထမ်းကို လာရောက်တာဝန် ထမ်းဆောင်ရတဲ့ ရည်ရွယ်ချက်မှာလည်း ကျွန်တော့်ရဲ့ဆန္ဒနဲ့ အိမ်ကမိဘဆွေမျိုးတွေရဲ့ ဆန္ဒတွေအရ လာရောက်တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ ဒီအပတ်စဉ် (၁၇) ပြည်သူ့စစ်မှုထမ်းကို တာဝန်ကျေကျေနဲ့ပဲ ထမ်းဆောင်သွားပါမယ်။ ထမ်းဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို စောင့်ရှောက်ချင်တဲ့ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။ နှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ကာလကို တာဝန်ကျေကျေနဲ့၊ လေးလေးနက်နက်နဲ့၊ ရိုရိုသေသေ လေးလေးစားစားနဲ့ တာဝန်ထမ်းဆောင် သွားပါမယ်လို့ ပြောချင်ပါတယ်။

၂။ ကျွန်တော် ဒီသင်တန်းတက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးဘာသာ သာသနာအကုန်လုံးကို တစ်တပ်တစ်အား တစ်ထောင့်တစ်နေရာကနေပြီးတော့ စောင့်ရှောက်ချင်တဲ့ ဆန္ဒ ဖြစ်ပါတယ်။ မိဘတွေကို ခွင့်တောင်းတဲ့အချိန်မှာ မိဘတွေကလည်း ခွင့်ပြုခဲ့ပါတယ်။ ကျွန်တော့်ဆန္ဒသဘောလည်းပါပါတယ်။ နှစ်နှစ်တာဝန်ထမ်းဆောင် ပြီးလို့ရှိရင် တပ်မတော်က ကျွန်တော့်ကိုထပ်ပြီး လိုအပ်နေမယ်ဆိုရင်တော့ ကျွန်တော်ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ရှိပါတယ်။

၃။ ကိုယ့်သဘောကိုယ့်ဆန္ဒနဲ့ လာတက်တာပါ။ အိမ်ကမိဘတွေလည်း အကုန်လုံးခွင့်ပြုပါတယ်။ တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်က မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် အေးချမ်းသာယာဖို့အတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူလေး ဖြစ်စေချင်လို့ပါ။

သတင်းစဉ်