နေပြည်တော် စက်တင်ဘာ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်သာယာရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ပြည်လျှော်ရွေးလျှော်ထုတ်စက်ရုံအား ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ခေတ္တရာင်္ဟသာ ကုမ္ပဏီလီမိတက်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါကုမ္ပဏီ၏ မျိုးသန့်မျိုးစပါး ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် တောင်သူများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေမှု၊ မျိုးသန့်စက်ဖြင့် မျိုးစေ့သန့်စင်ခြင်းလုပ်ငန်း၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ အရောင်းပြခန်း၊ ဆန်နှင့်ဆန်ကွဲဝယ်ယူရောင်းချခြင်းလုပ်ငန်း၊ မြေဩဇာရောင်းချခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ယင်းနောက် သာယာဝတီခရိုင် သာယာဝတီမြို့ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးစခန်း၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှု၊ ရေချိုငါးမုတ်၊ ငါးသိုင်း ခေါင်းပွ၊ တီလားပီးယား၊ ငါးဖန်းမ၊ ရွှေဝါငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးခုံးမကြီး၊ ငါးမြစ်ချင်းနှင့် ငါးတန်ငါးသားဖောက် ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) သို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား ကျောင်းသူများက ဒေသကြက်မများ မွေးမြူ၍ ဥဥနှုန်းကို လေ့လာခြင်း၊ မြန်မာဝက်ကို အသားတိုးစာကျွေး၍ ကြီးထွားနှုန်းကို နှိုင်းယှဉ်လေ့လာခြင်း၊ အစာကြမ်းနှင့် အစာနုကျွေး၍ ဆိတ်၏ကြီးထွားနှုန်းကို လေ့လာခြင်း၊ ထိုင်းကောက်နှံ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ မတူညီသော ဟင်းသီးဟင်းရွက်များ၏ ကြီးထွားမှုကို လေ့လာခြင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေးနှင့် အရည်အသွေးကောင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်