နေပြည်တော် စက်တင်ဘာ ၁၃
အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၈၀)၏ သင်တန်းဆင်းပွဲကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က ဆရာ ဆရာမများအနေဖြင့် စွမ်းဆောင်ရည်နှင့် အတတ်ပညာများ ပြည့်ဝနေရမည်ဖြစ်ပြီး တပည့်များကို သင်ကြားရင်း မိမိကိုယ်တိုင် ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်ကိုက်ညီမည့် နည်းပညာနှင့် သင်ကြားနည်းစနစ်များကို လေ့လာဆည်းပူးနေရမည်ဖြစ်ကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ပညာတတ်လူသားအရင်းအမြစ် များစွာပေါ်ထွန်းရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် နိုင်ငံတော်အတွက် အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်အောင် အားထုတ်ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၇ ဦး၊ သင်တန်းသူ ၃၉၀ စုစုပေါင်း ၄၈၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလရက်သတ္တ ငါးပတ်ကြာမြင့်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ် (၁၅) နှင့် အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၇၁)တို့ သင်ခန်းစာသင်ယူနေမှုကို လည်းကောင်း၊ တက္ကသိုလ်စစ်ရေးပြကွင်း၌ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၁၄) လက်နက်မဲ့ စစ်ရေးပြလေ့ကျင့်နေမှုကို လည်းကောင်း၊ သင်တန်းရိက္ခာအတွက် တက္ကသိုလ်မှ စိုက်ပျိုးထားရှိသော ရာသီသီးနှံများနှင့် သင်တန်းအိပ်ဆောင်အလိုက် သင်တန်းသူသင်တန်းသားများ စိုက်ပျိုးထားရှိသည့် ရာသီသီးနှံစိုက်ခင်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၁၄) မှ သင်တန်းသားများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်