နေပြည်တော် စက်တင်ဘာ ၁၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (Myanmar Inspection and Testing Services Ltd. – MITS) ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် ဒါရိုက်တာအဖွဲ့ဝင်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက MITS အနေဖြင့် လက်ရှိတွင် ပြည်ပပို့ကုန်များဖြစ်သည့် လယ်ယာထွက်ကုန်သီးနှံများ၏ အရေအတွက်နှင့် အရည်အသွေးစစ်ဆေးခြင်း၊ ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများနှင့် ဘူးသွင်းဆီ(Consumer Pack) ဖြင့် တင်သွင်းသည့် စားသုံးဆီများကို စစ်ဆေးခြင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကတ္တရာများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ကိုယ်စားပြုနမူနာ ရယူခြင်း စသည့်လုပ်ငန်းများကို ဝန်ဆောင်မှုပေး လျက်ရှိသည်ဟု သိရှိကြောင်း၊ MITS အနေဖြင့် အခြားပို့ကုန်သွင်းကုန်များကိုလည်း ထပ်မံတိုးချဲ့ စစ်ဆေးနိုင်ရေးဆောင်ရွက်ရန်နှင့် MITS သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အားကိုးအားထားနိုင်သည့် အဖွဲ့အစည်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် အဖွဲ့အစည်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး အဂတိတရားကင်းရှင်းသည့် အဖွဲ့အစည်းဖြစ်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် MITS ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌက လီမိတက်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုတင်ပြပြီး ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းကာ MITS တွင် ပို့ကုန်သွင်းကုန်စစ်ဆေးရန် လုပ်ငန်းအများဆုံးအပ်နှံပေးကြသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်