နေပြည်တော် စက်တင်ဘာ ၁၃
AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်းအားဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၀၀ ကို ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ထံ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စေတနာရှင်အလှူရှင်များနှင့် အဖွဲ့အစည်းများမှ ပေးအပ်လှူဒါန်းခဲ့သည့် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် သိန်း ၁၇၁၅ တိတိကို AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်း သို့ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံ ရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံပြုပြင်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားရုံအားပြုပြင်နေမှုကို လည်းကောင်း၊ ဘော်လီဘောအားကစားရုံရှိ အမိုးများပြုပြင်ပြီးစီးမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ယနေ့ယှဉ်ပြိုင်သည့်ပွဲစဉ်များကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့အတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဧည့်သည်များ လာရောက်တည်းခိုမှုနှင့် ဝန်ဆောင်မှုပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ခရီးသည်များအား ဝန်ဆောင်မှု ကောင်းများပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဟိုတယ်ဝန်ထမ်းများကိုလည်း အရည်အသွေး ပြည့်ဝသည့် ကျွမ်းကျင်ဝန်ထမ်းများဖြစ်အောင် စနစ်တကျလေ့ကျင့်သင်ကြားပြီး ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအဆင့်အတန်း မြင့်မားလာအောင် ဆောင်ရွက်ကြရန်၊ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဆောင်ရွက်ထားကြရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန်အတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်