နေပြည်တော် စက်တင်ဘာ ၁၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်၊ (၁/၂၀၂၅နှင့် ၂ / ၂၀၂၅) ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၉ ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ် ရာထူး ၆၂၉ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာနငါးခု၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးသည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာန၌ ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကို လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးရဲနိုင်သည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်းရှိ ရန်ကုန်စာစစ်ဌာန၌ ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကိုလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်သည် နေပြည်တော် အမှတ်(၃)နှင့် အမှတ်(၁၁) အခြေခံပညာ အထက်တန်း ကျောင်းများရှိ နေပြည်တော် စာစစ်ဌာနများ၌ ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုးသည် မကွေးတိုင်းဒေသကြီး မကွေးမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ မကွေးစာစစ်ဌာန၌ ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးလှအောင်သည် မွန်ပြည်နယ်မော်လမြိုင်မြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းရှိ မွန်ပြည်နယ်စာစစ်ဌာန၌ ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သည့် အရည်အသွေးပြည့်ဝသော ပြန်တမ်းဝင်အဆင့် စတင်ခန့်အရာထမ်းရာထူးများကို စနစ်တကျ ရွေးချယ်ပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ဘွဲ့ရပညာတတ်လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ အရည်အချင်းကိုအခြေခံ၍ လူမှန်၊ နေရာမှန် ခန့်အပ်နိုင်ရေးနှင့် အရည်အချင်းရှိသော ဘွဲ့ရလူငယ်များ ရွေးချယ်ခန့်ထားနိုင်ရေးတို့အတွက် ရွေးချယ်ရေးလုပ်ငန်းစဉ် များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကာ ယခုကျင်းပသော ရေးဖြေစာမေးပွဲသို့ နိုင်ငံတစ်ဝန်းမှ လာရောက်ဖြေဆိုကြသူ စုစုပေါင်း ၁၈၄၉ ဦးရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်