စစ်တွေ အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့နံနက်ပိုင်းက ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ One State One Township Project စီမံချက် ဖြင့် ဂွမြို့ပေါ် ရပ်ကွက်များ မြေငှားဂရန်ထုတ်ပေးခြင်း နှင့် ပြန်လည်စွန့်လွှတ်မြေများ မူလပိုင်ရှင်များထံ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ One State One Township Project စီမံချက်ဖြင့် ဂွမြို့ပေါ်ရပ်ကွက်များ မြေငှားဂရန် ထုတ်ပေးခြင်း အခမ်းအနားကို ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကား ပြောကြားပြီး သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က မြေငှား ဂရန်ထုတ်ပေးရခြင်း ရည်ရွယ် ချက်နှင့် အကျိုးကျေးဇူးများ ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ခရိုင် အုပ်ချုပ်ရေးမှူးတို့က ပထမအကြိမ်အဖြစ် မြေငှားဂရန် ၆၆ ခုအား မြေငှားဂရန်ရရှိသူများ လက်ဝယ်ပေးအပ်ကြပြီး ရပ်မိ၊ ရပ်ဖ ဦးစံတင်အောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဂွမြို့နယ် မကျေးငူကျေးရွာအုပ်စု စဉ့်အိုးချောင်းကွင်းရှိ ငါးလုပ်ငန်း ဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံသို့ ပုံစံ(၇)ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားသည်။ ယင်းနောက် ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ သံတွဲခရိုင် အုပ်ချုပ် ရေးမှူးက ပုံစံ (၇) ထုတ်ပေးရခြင်းရည်ရွယ်ချက် များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေး ဝန်ကြီး၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့က ပုံစံ (၇)ရရှိသူ ၆၄ ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)များ ပေးအပ်ရာ ဒေသခံရပ်မိ ရပ်ဖ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ကင်းပုံကျေးရွာအုပ်စု ကမ်းသာယာကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေအား မူလပိုင်ရှင် ဦးဖိုးဖေထံသို့ လယ်ယာမြေယာယီလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၃) အား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ မြေးဖြစ်သူ ဦးရဲမင်းထွန်းက ပြန်လည်လက်ခံရယူခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)