နေပြည်တော် ဩဂုတ် ၂၁
၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း / ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိ အခြေအနေကို ၂၅-၆-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက် နေ့အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၊ Singapore Lotus Light Charity Society ၊ Singapore Buddha Dhamma Mandala Society နှင့် Love and Care Charity Group၊ ထိုင်းနိုင်ငံ၊ ထစ်ဖဒုန်းဖောင်အုန်းသီးကုမ္ပဏီ (THEPPADUNGPORN COCO-NUT Co.Ltd) တို့မှ ထပ်မံပေးပို့လှူဒါန်းလာသော Sleeping Bags၊ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့သို့ ဖြန့်ခွဲပေးပို့ခဲ့ပြီး ပြည်တွင်း အလှူရှင်၊ Sin Min Global Trading Co.Ltd က လှူဒါန်းသည့် အမိုးသွပ် ၂၅၅၅၆ ချပ်နှင့် ခေါင်အုပ်သွပ် ၃၃၃၄ ချပ်တို့ကို မန္တလေးတိုင်းဒေသကြီး အတွင်း ဘာသာရေးအဆောက်အဦ၊ ဘုန်းကြီးကျောင်းနှင့် သာသနိကအဆောက်အဦများ ပြုပြင်နိုင်ရေးမန္တလေးတိုင်းဒေသကြီးသို့ ပေးပို့ခဲ့ပါသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများဖြန့်ခွဲပေးပို့မှု စုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၇၀ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၃၄ စီး၊ ရှမ်း ပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၁၄ စီး၊ စုစုပေါင်းမော်တော် ယာဉ် ၁၁၈ စီးဖြင့် စုစုပေါင်းတန်ချိန် ၂၄၃၆ ခန့်ဖြစ်ပါသည်။
နိုင်ငံတကာအလှူရှင်များက ၂၆-၆-၂၀၂၅ ရက်နေ့မှ ၂၀-၈-၂၀၂၅ ရက်နေ့အတွင်း လှူဒါန်းခဲ့သည့်ပစ္စည်းများကို ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့ဆောင်ရွက်ခဲ့မှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ ပြည်တွင်း/ ပြည်ပမှ ပစ္စည်းများ ထပ်မံလှူဒါန်းသည့် အချိန်တွင် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိ ဖြန့်ခွဲမှုတို့ကို အလျဉ်းသင့်သလို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်