နေပြည်တော် ဩဂုတ် ၂၁
အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းစေရေးအတွက် အဓိကမဏ္ဍိုင်များဖြစ်သည့် စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ တိကျတိုင်းတာခြင်းနည်းပညာ၊ ဓာတ်ခွဲတိုင်းတာခြင်း၊ အရည်အသွေးထောက်ခံချက်ထုတ်ပေးခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စံချိန်စံညွှန်းလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) ယမန့်နေ့နှင့် အမျိုးသားစံချိန်စံညွှန်း ကောင်စီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပသည်။
ဦးစွာ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းစေရေးအတွက် ပြည်တွင်းရှိ ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာနှင့် ဒေသတွင်းရှိ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ (MoU) များ ရေးထိုးခြင်းဖြင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းကဏ္ဍကို နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့် သတင်းအချက်အလက်များ ဖလှယ်ရယူပြီး စွမ်းဆောင်ရည်မြှင့်တင်နိုင်ခြင်း၊ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးကိုက်ညီစွာဖြင့် ထုတ်ကုန်များကို ထုတ်လုပ်၊ တင်ပို့၊ တင်သွင်းမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားစံချိန်စံညွှန်းကောင်စီအတွင်းရေးမှူး၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး (၁/၂၀၂၄) ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အများပြည်သူ သဘောထားမှတ်ချက်ရယူပြီးသည့် မြန်မာစံချိန်စံညွှန်းနောက်ဆုံးမူကြမ်း (၇၃) ခုကို အတည်ပြုရေး၊ အဆိုပြုအဆင့်၊ နည်းပညာဆပ်ကော်မတီအဆင့်နှင့် အများပြည်သူသဘောထားရယူရန် ဆောင်ရွက်လျက်ရှိသော စံချိန်စံညွှန်းမူကြမ်း (၁၃၇)ခုကိစ္စ၊ အမျိုးသားအသိအမှတ်ပြု ကော်မတီဖွဲ့စည်းနိုင်ရေးကိစ္စတို့ကို ကောင်စီသို့တင်ပြ၍ ကောင်စီဝင်များ၏ အကြံပြုချက်များကို ရယူဆောင်ရွက်သည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များဖြစ်ကြသော ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အစည်းအဝေးတွင် မြန်မာစံချိန်စံညွှန်း နောက်ဆုံးအဆင့် မူကြမ်း (၇၃)ခုကို မြန်မာစံချိန်စံညွှန်းအဖြစ် အတည်ပြုသတ်မှတ်ခြင်းနှင့် အမျိုးသားအသိအမှတ် ပြုကော်မတီဖွဲ့စည်းခြင်းတို့အတွက် အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်