Skip to main content

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၁

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

ဦးစွာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက လက်ရှိသီလဝါ အထူးစီးပွားရေးဇုန်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်သော စီးပွားရေးဇုန်တစ်ခုဖြစ်ပြီး တိုးတက်မှုရှိပြီးဖြစ်သည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်မှုဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စက်ရုံအချို့တွင် ဆိုလာစွမ်းအင်ထုတ်ယူ အသုံးချလျက်ရှိရာ ၆ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီဖြစ်၍ ကျန်စက်ရုံများဆိုလာတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရေး တိုက်တွန်းစေလိုကြောင်း၊ အထူးစီးပွားရေးဇုန်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရေတိုရေရှည်အစီအမံများ ရေးဆွဲရာတွင် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေအပေါ်မူတည်၍ သုံးသပ်ရေးဆွဲရန်လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက သီလဝါအထူးစီးပွားရေးဇုန်၏ Promotion Zone ရှိ ထုတ်ကုန်ပစ္စည်းအများစုကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ ပြည်ပကုန်စည်ပြပွဲများ၌ ပါဝင်ပြသနိုင်ရေး ဆက်စပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်၏ ပို့ကုန်သွင်းကုန်တန်ဖိုးအား နှိုင်းယှဉ်ကြည့်ရာ သွင်းကုန်တန်ဖိုးများနေသောကြောင့် တင်သွင်းကုန်များသည် စက်ရုံများ၌ အမှန်တကယ် အသုံးပြုရန်လိုအပ်မည့် ကုန်ကြမ်းပစ္စည်းများဖြစ်ရန်လိုအပ်ကြောင်း၊ စက်မှုဇုန်များတွင် လိုအပ်သော အချို့ပစ္စည်းများကို ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သောပစ္စည်းများဖြင့် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆက်သွယ်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သီလဝါအထူးစီးပွားရေးဇုန်ရှိ One Stop Service Center (OSSC) ၏ အရည်အသွေးပြည့်ဝစွာဖြင့် ဝန်ဆောင်မှုပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ဆက်လက်၍ Myanmar International Termi-nals Thilawa (MITT) ဆိပ်ကမ်းသို့သွားရောက်ရာ MITT အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆိပ်ကမ်းအကောက်အခွန် လုပ်ငန်းများနှင့် ကုန်ပစ္စည်းစစ်ဆေး ဆောက်ရွက်နေမှုကိုလည်းကောင်း၊ MITT ဆိပ်ကမ်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ Danko စက်သုံးဆီ ဆိပ်ကမ်းတာဝန်ခံက စက်သုံးဆီဆိပ်ကမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် သီလဝါအထူးစီးပွားရေးဇုန်ရှိ Myanmar Interna-tional Terminals Thilawa (MITT) ဆိပ်ကမ်းနှင့် Danko စက်သုံးဆီဆိပ်ကမ်းများသို့လည်းကောင်း၊ Wilmar Myanmar Port Terminals (Thilawa) ဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့လည်းကောင်း၊ သာကေတဆိပ်ကမ်း၌ ကုန်ပစ္စည်းများ ကုန်တင်ကုန်ချ ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်