Skip to main content

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၂၁

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံး အဆောက်အအုံ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက သင်တန်းတက်ရောက်ခဲ့ကြသည့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများအနေဖြင့် ကျန်ရှိသည့် ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သင်တန်းကရရှိခဲ့သည့် MMP စနစ် အကြောင်းကိုလည်း နိုင်ငံရေးပါတီများ၊ အများပြည်သူများသိရှိစေရန် ဖြန့်ဝေပြောကြားရန်လိုကြောင်း၊ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးသည် ဦးစားပေးဖြစ်သလို အရေးကြီးပါကြောင်း၊ မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းစိစစ်၍ အမှားအယွင်းမရှိအောင်၊ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို နိုင်ငံရေးပါတီများသိရှိအောင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှ ရှင်းလင်းပြောကြားရန်လိုပါကြောင်း၊ ရွေးကောက်ပွဲများကို အပိုင်းလိုက်ဆောင်ရွက်ရာတွင်လည်း စနစ်တကျဆောင်ရွက်နိုင်ရေး စီမံချက်များအတိုင်းဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှတာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲကျင်းပရာတွင် မည်သူ့ကိုမျှ ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်တိတိကျကျဆောင်ရွက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သန္နိဋ္ဌာန်ထားပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်