ရန်ကုန် ဩဂုတ် ၁၉
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို သြဂုတ် ၁၉ ရက်ကပြုလုပ်ရာ မြန်မာအသင်းက သြစတြေးလျအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ တစ်ကျော့ပြန် ချန်ပီယံအိပ်မက်အတွက် အကောင်းဆုံးကြိုးစားသော်လည်း ပြိုင်ဘက်သြစတြေးလျအသင်းကို အရေးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည်။ မြန်မာအသင်းသည် ၂၀၀၄ နှင့် ၂၀၀၇ ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် ၁၈ နှစ်အကြာတွင် တစ်ကျော့ပြန် ချန်ပီယံဆုမျှော်လင့်ခွင့်ရခဲ့ပြီး အကောင်းဆုံးကြိုးစားသော်လည်း ချန်ပီယံ ဆုနှင့် လွဲချော်ခဲ့ရပြန်သည်။
မြန်မာအသင်းသည် ၂၀၀၇ ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိပြီးနောက် ဗိုလ်လုပွဲသို့ လေးကြိမ်မြောက် တက်ရောက်ခြင်းဖြစ်ပြီး လေးကြိမ်စလုံး ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၂၅ ခုနှစ်တို့တွင် ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းဖြစ်ပြီး လေးကြိမ်စလုံး ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည်။ ဩစတြေးလျအသင်းသည် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ် တွင် ဗိုလ်စွဲပြီးနောက် ၁၇ နှစ် အကြာတွင် တစ်ကျော့ပြန် ဗိုလ်စွဲခြင်းဖြစ်သည်။
ဆီမီးဖိုင်နယ်တွင် ဩစတြေး လျအသင်းသည် ယခုပွဲတွင်လည်း ပွဲစကတည်းက တိုက်စစ်အသားပေးပုံစံဖြင့် ပွဲထွက်လာပြီးဂိုးရရန် ကြိုးပမ်းခဲ့သည်။ ဩစတြေးလျ တိုက်စစ်ကို မြန်မာနောက်ခံလူများနှင့် ဂိုးသမား မျိုးမြမြငြိမ်းတို့က တည်တည်ငြိမ်ငြိမ်ဖြင့် ဖြတ်ထုတ်နိုင်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်းက တန်ပြန်တိုက်စစ်ကို အားပြုကစားခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးအချို့ရသော်လည်း အသုံးမချနိုင်ခဲ့ပေ။ ရူပါခိုင်၏ ကန်သွင်းရန် ကြိုးပမ်းမှုကို သြစတြေးလျနောက်ခံလူ ဖြတ်ထုတ်နိုင်ခဲ့သလို ဝင်းသိင်္ဂီထွန်း၏ ကန်သွင်းမှုမှာလည်း ကန်ချက်ပျော့သွားသဖြင့် နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် သြစတြေးလျအသင်းက ဂိုးရရှိရေး တိုက်စစ်မြင့်လာချိန်တွင် မြန်မာအသင်းမှာ ကစားအားကျသွားသလို ၁၃ ရက်အတွင်း ငါးပွဲကစား ရသောကြောင့် ပွဲပန်းပြီး ထင်သလောက်မကစားနိုင်ခဲ့ပေ။ ၆၆ မိနစ်တွင် ဩစတြေးလျအသင်း အနိုင်ဂိုးရခဲ့ပြီးဖာဖီက ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။
ဩစတြေးလျအသင်းသည် အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်းကို အရေးနိမ့်ပြီးကတည်းက တစ်ပွဲထက် တစ်ပွဲကစားပုံ ကောင်းလာခြင်းဖြစ်ပြီး အုပ်စုလက်ကျန်ပွဲများတွင် ၂၀၂၂ ပြိုင်ပွဲ ချန်ပီယံဖိလစ်ပိုင်အသင်းနှင့် တီမောအသင်း၊ ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ဗီယက်နမ်၊ ဗိုလ်လုပွဲတွင် မြန်မာအသင်းတို့ကို အနိုင်ကစားခဲ့ခြင်းဖြစ်သည်။ ဩစတြေးလျအသင်းသည် ပထမဆုံးဗိုလ်စွဲ သည့်ပြိုင်ပွဲတွင် လက်ရွေးစင်အသင်းဖြင့် ယှဉ်ပြိုင်သော်လည်း နောက်ပိုင်းနှစ်များတွင် လူငယ်လက်ရွေးစင်အသင်းများကိုသာ စေလွှတ်ခဲ့ကာ ယခုနှစ်တွင် ယူ-၂၃ အသင်းဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံဆု နှစ်ကြိမ်၊ ဒုတိယလေးကြိမ်၊ တတိယသုံးကြိမ် ရရှိထားသည်။
တတိယနေရာလုပွဲတွင် အိမ်ရှင် ဗီယက်နမ်အသင်းက ထိုင်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး တတိယဆုရရှိခဲ့သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-AFF