နေပြည်တော် ဩဂုတ် ၁၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းနှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ-ထိုင်း ချစ်ကြည်ရေး အသင်းအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းက ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း နှစ်နိုင်ငံ ပြည်သူများ နယ်စပ်ဒေသများမှ ဝင်ထွက်မှုအဆင်ပြေစေရေး၊ နှစ်နိုင်ငံပြည်သူများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ အဆင် ပြေစေရေးအတွက် ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေးနှင့် နေခွင့်ဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ ထိုင်းနိုင်ငံအတွင်း စခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းအနေဖြင့် ဝန်ကြီးဌာနနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောကြားရန်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းထားရှိမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ အဖွဲ့ဝင်များက နှစ်နိုင်ငံအကျိုးအတွက် နှစ်နိုင်ငံအသင်း တာဝန်ရှိသူများ ပူးပေါင်းဆောင် ရွက်နေမှု၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ဝန်ကြီးဌာနအနေဖြင့် ယင်းလုပ်ငန်းစဉ်အပေါ် ကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဝန်ကြီးဌာနနှင့် ပတ်သက်သည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်