နေပြည်တော် ဩဂုတ် ၁၉
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ရှိဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် ယခင် ရွေးကောက်ပွဲများနှင့်မတူသည့် အချက်သုံးချက်ရှိကြောင်း၊ ပထမဆုံးအချက်မှာ ရွေးကောက်ပွဲစနစ်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်အပြင် FPTP နှင့် PR စနစ် ပေါင်းစပ်ထားသည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional - MMP)ကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး ယခုသင်တန်းတွင် အသေးစိတ်ဆွေးနွေး ပို့ချပေးမည်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် မဲပေးသည့်စနစ်ဖြစ်ပြီး ကြိုတင်မဲများမှလွဲ၍ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံများတွင် မဲပေးရာ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်များဖြင့် ခလုတ်နှိပ်မဲပေးရမည်ဖြစ်ကြောင်း၊ နောက်တစ်ချက်အနေဖြင့် ရွေးကောက်ပွဲကျင်းပသည့်ပုံစံဖြစ်ပြီး ရွေးကောက်ပွဲကို အပိုင်းများခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းထုတ်ပြန်ထားပြီး ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သို့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ထားကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည် မိမိတို့အတွက်အားဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများရှိ အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲဝန်ထမ်းများအနေဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကို ယုံကြည်ပါကြောင်း၊ အတူလက်တွဲပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိဖွင့်လှစ်မည်ဖြစ်ပြီး ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တက်ရောက်သည့် သင်တန်းသား သင်တန်းသူများအပါအဝင် စုစုပေါင်း ၂၀၀ တက်ရောက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်