Skip to main content

နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား

နေပြည်တော် ဩဂုတ် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချို မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၆၈ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင်လည်း အခြေခံပညာကျောင်းခုနစ် ကျောင်းအားထပ်မံဖွင့်လှစ်ပေးနိုင်ခဲ့၍ စုစုပေါင်း ၇၅ ကျောင်းဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား ကျောင်းသူ ၅၇၈ ဦးထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၈၉၇၃ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၆၂ ဦးကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဝက်သက်ရောဂါ၊ တုပ်ကွေးရောဂါတို့နှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးရန်လိုအပ်သည့် လူနာကိုးဦးကို ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူ ၅၆ ဦးအား သွေးအမျိုးအစားစစ်ဆေးပေးခဲ့ကြောင်းနှင့် အတွင်းလူနာအဖြစ် ဒေသခံပြည်သူ ၃၀ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်