Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော် ဩဂုတ် ၁၈

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၆)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၆)မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှု ထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည် မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

ယနေ့တွင်ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံ များကိုလည်း ယခုလိုပဲကြားသိရပါသည်-

သင်တန်းသား (၁)

ကျွန်တော်က တပ်မတော်ကိုချစ်ပါတယ်။ ကျွန်တော်က တပ်မတော်မှာပဲနေချင်တာပါ။ ကျွန်တော်အပြင်မှာနေလို့ရှိရင် အိမ်တောင်မကပ်ဘူး။ အပြင်မှာ ဟိုသွားလိုက်ဒီသွားလိုက်နဲ့ စည်းကမ်းတော်တော်မဲ့ပါတယ်။ တပ်မတော်ထဲကို ဝင်လာတဲ့အတွက် ကျွန်တော့်ကို ဒီကဆရာတွေက စည်းကမ်းတကျထားတယ်။ အချိန်နဲ့ထမင်းစားတယ်။ အိမ်မှာဆို အချိန်နဲ့ထမင်းမစားဘူး။ ဒီရောက်တော့ အချိန်နဲ့ထမင်းစားတယ်။ အချိန်နဲ့သွားလာရတယ်။ အဲဒီအတွက် ကျွန်တော့်ကိုကျွန်တော်ပြောင်းလဲသွားမယ်လို့ ယုံကြည်ပါတယ်။ နှစ်နှစ်ကာလက ပြီးဆုံးသွားပေမယ့်လည်း အထက်ကပေးအပ်တဲ့အမိန့်အတိုင်း ဆက်လက်တာဝန် ထမ်းဆောင်သွားမှာပါ။ ကျွန်တော့်ကို ကျွန်တော်လည်းဂုဏ်ယူတယ်။ ကျွန်တော့်အမေလည်း ဂုဏ်ယူနေမှာပါ။

သင်တန်းသား (၂)

သင်တန်းလာတက်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကာကွယ်ဖို့ လာတက်ရောက်တာဖြစ်ပါတယ်။ အရပ်သားဘဝနဲ့ နည်းနည်းတော့ ပြောင်းလဲကွာဟမှုတော့ရှိတယ်။ အရပ်သားဘဝမှာက အင်္ကျီဝတ်တာကအစ၊ စားတာသောက်တာကအစ နည်းနည်းလေးစည်းမရှိတာလည်း ပါခဲ့တာပေါ့။ လက်ရှိ စစ်မှုထမ်းဆောင်စဉ်ကာလ စစ်တပ်ထဲရောက်တော့ ကျွန်တော်တို့ရဲ့ပုံစံတွေက အားလုံးစည်းကမ်းတကျဖြစ်သွားတယ်ပေါ့။ သင်တန်းဆင်းပြီးတဲ့ အခါကြတော့လည်း မိခင်တပ်ရင်းကိုရောက်လို့ရှိရင် အထက်ကပေးအပ်တဲ့ တာဝန်တွေကို ဆက်လက်ပြီး လုပ်ဆောင်သွားပါမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။

သတင်းစဉ်