Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ဝန်ထမ်းအိမ်ရာများနှင့် Container Houses များတွင် နေရာချထားမှု လှည့်လည်ကြည့်ရှု

နေပြည်တော် သြဂုတ် ၁၇

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယစာရင်းစစ်ချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်စာရင်းစစ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အပြန်အလှန်လေးစားမှုများ ထားရှိဆောင်ရွက်ရေး၊ အဂတိကင်းရှင်းစွာဖြင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ရေး၊ သတင်းအချက်အလက်များ လုံခြုံမှုရှိစေရေး၊ အထက်အောက်အဆင့်ဆင့်ထိတွေ့ပြီး တွေ့ကြုံရသော အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း၍ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့နောက် ငလျင်ဘေးဒဏ်ကြောင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးထိခိုက်ခဲ့မှုများနှင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရုံးလုပ်ငန်းစီမံဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ နေပြည်တော်စာရင်းစစ်ရုံး ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ် စာရင်းစစ်ရုံးတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် အဖွဲ့သည် ငလျင်ဘေးဒဏ်သင့်ဝန်ထမ်း ၂၁ ဦးတို့ကို ထောက်ပံ့ငွေများပေးအပ်ကြပြီး ထိခိုက်ပျက်စီးသည့် ဝန်ထမ်းအိမ်ရာများနှင့် Container Houses များတွင် နေရာချထားမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်