နေပြည်တော် ဩဂုတ် ၁၅
နယ်မြေဒေသအခြေအနေအရ ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမြန်မာ့စီးပွားရေးဘဏ် (နောင်ချို) ပြန်လည်ဖွင့်လှစ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တပ်မတော်မှ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်း၊ ကျောက်မဲခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့စီးပွားရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ဘဏ်လုပ်ငန်းပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း၍ ဖွင့်လှစ်ပေးကြပြီး ဘဏ်အတွင်း၌ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။
အဆင်ပြေချောမွေ့
နောင်ချိုမြို့နယ်၏ ဘဏ်လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရပြီး နောင်ချိုမြို့အား တပ်မတော်မှ ပြန်လည်ထိန်းချုပ်ပြီးနောက် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်မှ စတင်၍ လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်ခဲ့ကြရာ ယနေ့တွင် ပြန်လည်လည်ပတ်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်