Skip to main content

သမိုင်းဝင်ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်အကြောင်း တစေ့တစောင်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် စာကြည့်တိုက်မှူး ဒေါ်သင်းသင်းစိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ နိုင်ငံတော် အစိုးရဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် သုတေသီများအား ရှေးဟောင်းစာပေနှင့်ဆိုင်သော အကြောင်းအချက်များကို အလွယ်တကူ ရရှိနိုင်စေရန် အကူအညီပေးလျက်ရှိသော ဌာနတစ်ခု ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် စာကြည့်တိုက်မှူး ဒေါ်သင်းသင်းစိုးအား  မြန်မာ့သတင်းစဉ်မှ  ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် သမိုင်းအကြောင်းကို ပြောပြပေးစေလိုပါတယ်ရှင်။

ဖြေ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်အဆောက် အအုံကို ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ မြန်မာပြည် ဘုရင်ခံနဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိလည်းဖြစ်တဲ့ ဆာဟာကုတ်ဘတ္တလာ (Sir Harcourt Butler) က အုတ်မြစ်ချပေးခဲ့ပါတယ်။ စာကြည့်တိုက်ကို ၁၉၃၁ ခုနှစ် မှာ အပြီးသတ်ခဲ့ပြီး အဲဒီနှစ်မှာပဲ စာကြည့်တိုက်ကို ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။

မေး ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း သိပါရစေ။

ဖြေ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့ (၁) ကျောင်းသား ကျောင်းသူများ၏ ပညာရေးရည်မှန်းချက်တွေနဲ့ ဗဟုသုတတွေကို ရှာဖွေရန်နှင့်    သုတေသန ပြုလုပ်ရာမှာ အထောက်အကူပြုပေးနိုင်တဲ့ သတင်းအချက်အလက် တွေကို ကူညီထောက်ပံ့နိုင်ရန်၊ (၂)  ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှု စွမ်းရည်ပြည့်၀စေရေးနှင့် ပညာအရည်အသွေး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် အထောက် အကူပြုနိုင်ရန်၊ (၃) သင်ကြားရေးနဲ့ ပညာသင်ဆု ကြိုးပမ်း မှုများကို ပံ့ပိုးပေးခြင်းဖြင့် မဟာဌာန၏ စွမ်းဆောင်ရည်ကို တိုးမြှင့်စေရန်၊ (၄) စာကြည့်တိုက် အသုံးပြုသူများနှင့် သတင်းရင်းမြစ်များအကြား ဆက်သွယ်ပေးရန်၊ (၅) စာကြည့်တိုက် အသုံးပြုသူများ၏ လိုအပ်ချက်များအပေါ် အခြေခံပြီး အရည်အသွေးမြင့်မားတဲ့ သတင်းအချက် အလက်တွေနဲ့ စာပေအရင်းအမြစ်များ ဝန်ဆောင်မှုပေးရန် ဆိုတဲ့ ရည်ရွယ်ချက်တွေ အဓိက ပါဝင်ပါတယ်။

မေး ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို တည်ထောင် ထားတဲ့ စံနှုန်းတွေနဲ့  ပတ်သက်ပြီးလည်း ပြောပြပေးစေ လိုပါတယ်ရှင့်။

ဖြေ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဟာ တက္ကသိုလ် စာကြည့်တိုက်ဖြစ်တာနဲ့အညီ ပညာရပ်ဆိုင်ရာ စာအုပ် များကို အဓိကထား  စုဆောင်းပါတယ်။  Electronic Library   ပီပြင်စွာ   ဖြစ်ပေါ်လာစေဖို့အတွက်လည်း စဉ်ဆက်မပြတ်   ဆောင်ရွက်မှုတွေ   လုပ်ဆောင်လျက် ရှိပါတယ်။

မေး ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို နိုင်ငံတကာ စာကြည့်တိုက်တွေလို အဆင့်မီအောင် ဘယ်လိုဆောင် ရွက်ထားပါသလဲ။ ဥပမာ- Website ၊ Online စသည်ဖြင့် စီစဉ်ချိတ်ဆက် ဆောင်ရွက်ထားမှုကို သိချင်ပါတယ်။

ဖြေ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်က Personal Computer (PC) များနဲ့ အင်တာနက် ဝန်ဆောင်မှုပေးပါတယ်။ အဲဒီကမှတစ်ဆင့် Fiber Optic Cable ကြိုးလိုင်းနဲ့ မြန်နှုန်းမြင့်   အင်တာနက်ဝန်ဆောင်မှုများကို ပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့  မြန်နှုန်းမြင့် အင်တာနက် ကြိုးလိုင်းတွေနဲ့ Laptops နဲ့ Personal Computer များ အပြင် Wi-Fi Access   နဲ့လည်း    ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဝန်းကျင်မှာ စာဖတ်သူတွေလိုအပ်တဲ့  သတင်းအချက်အလက်များနဲ့ Online Database များကို ရှာဖွေနိုင်တဲ့အထိ မြန်နှုန်းမြင့် အင်တာနက်စနစ်နဲ့ တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အဲဒီအပြင် ရန်ကုန်တက္ကသိုလ် website ဖြစ်တဲ့ ug.edu.mm မှာ စာကြည့်တိုက်ရဲ့ သတင်းအချက်အလက် တွေကို ချိတ်ဆက်ထားရှိပါတယ်။ ကျွန်မတို့ စာကြည့်တိုက်  website ကနေမှ   ရှာဖွေသူများအတွက် Online ကက်တလောက်အသုံးပြုပြီး စာကြည့်တိုက်မှာ စုဆောင်း ထားရှိတဲ့ စာအုပ်များကို ၂၄ နာရီ ရှာဖွေနိုင်ဖို့ ဝန်ဆောင်မှု ပေးထားပါတယ်။ နောက် ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်မှာ Library Automation System ကို အသုံးပြုပြီး  သမားရိုးကျ စာငှားစနစ်ကနေ  Barcode  ကို အခြေခံတဲ့ Electronic  စာငှားစနစ်ကို ပြောင်းလဲဝန်ဆောင်မှုပေးခြင်း၊  ကျောင်းသား ကျောင်းသူများ စုဖွဲ့ပြီး စာဆွေးနွေးနိုင်ဖို့ အတွက် discussion room စီစဉ်ထားရှိခြင်း၊  ရန်ကုန် တက္ကသိုလ်မှ သုတေသနစာတမ်းများကို open access အဖြစ် repository တွင် တင်ပေးခြင်းတို့ကို ဆောင်ရွက် ပေးထားပါတယ်။

မေး ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ အခုလို ဝန်ဆောင်မှုကောင်းတွေ    ဆောင်ရွက်ပေးထားတယ် ဆိုတော့ ဘယ်လိုစာအုပ်မျိုးတွေ အဓိကထားရှိတယ်ဆိုတာ လေးလည်း   နည်းနည်းအသေးစိတ်ပြီး  စာဖတ်သူတွေ သိရှိနိုင်အောင် ပြောပြပေးစေချင်ပါတယ်။

ဖြေ ။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ သင်ကြား သင်ယူမှု အထောက်အကူပြု ပညာရပ်ဆိုင်ရာ သုတ၊ ရသ ဆိုင်ရာစာအုပ်များ၊ လစဉ်၊ အပတ်စဉ်မဂ္ဂဇင်း၊ ဂျာနယ်တွေနဲ့ သမားရိုးကျဝန်ဆောင်မှုကို     အဓိကထားပြီး ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ စုဆောင်းထားတဲ့ စာပေပစ္စည်းများအနေနဲ့ကတော့ -

မြန်မာစာအုပ် - ၄၈၆၀၉ အုပ်

အင်္ဂလိပ်စာအုပ် - ၈၁၈၆၈ အုပ်

ကျမ်းစာအုပ် - ၁၇၁၇၀ အုပ်

ပေစာ -  ၁၈၈ အုပ်

စာနယ်ဇင်းအမျိုးအစားပေါင်း   -    ၂၈   မျိုးတို့ကို စုဆောင်းထားရှိပါတယ်။

မေး ။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကနေ ကျောင်းသား ကျောင်းသူတွေအတွက်  ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိနိုင်ပါသလဲ။

ဖြေ ။ ကျောင်းသားကျောင်းသူတွေအနေနဲ့ စာကြည့် တိုက်မှာရှိတဲ့ စာငှားကောင်တာကို    ရောက်ရှိလာတဲ့ စာအုပ်အသစ်တွေကို ငှားရမ်းဖတ်ရှုနိုင်ဖို့အတွက် စာကြည့်တိုက် ကြေညာသင်ပုန်းမှာ   ကပ်ထားပေးတဲ့ စာအုပ်အသစ် စာရင်းတွေကို ဖတ်ရှုလေ့လာနိုင်သလို ရန်ကုန်တက္ကသိုလ်    စာကြည့်တိုက်ရဲ့ Facebook စာမျက်နှာနဲ့ website တို့မှာလည်း စာအုပ်အသစ်တွေနဲ့   သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။ သုတေသနစာတမ်းတွေ   ရေးသားတဲ့အခါမှာလည်း   ရည်ညွှန်း ကိုးကားချက်များ ဖော်ပြရာမှာ Citation Manager အသုံးပြုပုံ သင်တန်းပေးခြင်း၊  နိုင်ငံတကာ အဆင့်မီ သုတေသန စာတမ်းများပေါ်ထွက်နိုင်ဖို့ URKUND Plagiarism Checker ကို  အသုံးပြုပြီး  သုတေသန   စာတမ်းများ၊ ကျမ်းများကို စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

မေး။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ဘယ်လို ဝန်ဆောင်မှုတွေနဲ့ ပြင်ဆင်ဆောင်ရွက် ထားပါသလဲရှင့်။

ဖြေ ။ သမားရိုးကျစနစ်နှင့် Electronic စနစ်တို့ဖြင့် ဝန်ဆောင်မှု နှစ်မျိုးဖြင့် ဆောင်ရွက်ထားရှိပါတယ်။

မေး ။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ယခင်နဲ့ ယခု အခေါ်အဝေါ်ပြောင်းလဲမှုတွေ ရှိခဲ့တယ်လို့ သိရပါ တယ်။ အဲဒါနဲ့ပတ်သက်ပြီး သိချင်ပါတယ်ရှင့်။

ဖြေ ။ အခေါ်အဝေါ်အပြောင်းအလဲတွေ ရှိခဲ့ပါတယ်ရှင်။ ရန်ကုန်တက္ကသိုလ်တည်ထောင်ခါစမှ ၁၉၆၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆိုပြီး ရှိခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ကနေစတင်ပြီး    စနစ်သစ်ပညာရေးအရ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို တက္ကသိုလ်များ ဗဟို စာကြည့်တိုက်လို့ အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နဲ့  တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ဆိုပြီး စာကြည့်တိုက် နှစ်ခုအနေနဲ့  သီးခြားစီ ခွဲထွက်ခဲ့ပါတယ်။

မေး ။  ကျောင်းသား ကျောင်းသူတွေကို အသိပေးချင်တာ ရှိရင်လည်း ပြောပြပေးပါဦးရှင့်။

ဖြေ ။ စာကြည့်တိုက်မှူးသာမက စာကြည့်တိုက် ဝန်ထမ်းတွေအနေနဲ့လည်း ကျောင်းသားကျောင်းသူ တွေနဲ့ ဆရာ ဆရာမတွေရဲ့ သင်ကြားရေးဆိုင်ရာများ၊ သုတေသနလုပ်ငန်းဆိုင်ရာများနဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်ခြင်းများကို စဉ်ဆက်မပြတ်ပံ့ပိုးကူညီမှုများ လုပ်ဆောင်လျက်ရှိပါတယ်။  ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ပြည်တွင်းပြည်ပမှ လေ့လာသူပညာရှင်များနဲ့ ကျောင်းသား  ကျောင်းသူ သုတေသီများ လာရောက် လေ့လာလျက်ရှိပြီး ဆက်လက်ပိုမိုအသုံးပြုကြဖို့ ဖိတ်ခေါ် တိုက်တွန်းလိုပါတယ်။ 

မေး ။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေကို တက္ကသိုလ်ကျောင်းသားတွေသာမက ကျောင်းသား ကျောင်းသူမဟုတ်တဲ့ အခြားစာပေ ဝါသနာရှင်များပါ ငှားရမ်း ဖတ်ရှုနိုင်ပါသလား၊   ဖတ်ရှုလိုရင်    ဘယ်လို ဆက်သွယ်ဆောင်ရွက်ရမလဲဆိုတာကို  ဖြေကြားပေးပါဦးရှင့်။

ဖြေ ။ အခုလိုမေးမြန်းပေးတာ ကျေးဇူးတင်ပါတယ်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာရှိတဲ့ စာအုပ်များကို အခြားစာပေဝါသနာရှင်များလည်း ငှားရမ်းဖတ်ရှုနိုင်ပါ တယ်ရှင်။ စာကြည့်တိုက်ကို အသုံးပြုလိုတဲ့ ပြင်ပပုဂ္ဂိုလ်တွေအနေနဲ့ ဌာနဆိုင်ရာအကြီးအကဲရဲ့ ထောက်ခံစာ/ ရပ်ကွက်ထောက်ခံစာနဲ့  ဓာတ်ပုံတစ်ပုံကို ယူဆောင်ပြီး စာကြည့်တိုက်အသင်းဝင်နိုင်ပါတယ်။

မေး ။ စာကြည့်တိုက်မှူးတစ်ယောက်မှာ ရှိရမယ့် စံသတ်မှတ်ချက်များကို သိလိုပါတယ်။ နောက်စာကြည့်တိုက်မှူးတွေအနေနဲ့ ဘယ်လိုအရည်အသွေး မြှင့်တင် ဆောင်ရွက်ထားသင့်တယ် ဆိုတာကို  ဖြေကြားပေးပါဦးရှင့်။

ဖြေ ။ စာကြည့်တိုက်အရွယ်အစားအရ စာကြည့်တိုက် မှူး စံနှုန်းတွေက သိသိသာသာ ကွဲပြားပေမယ့် ပုံမှန်အား ဖြင့်တော့ အောက်ပါ စံသတ်မှတ်ချက်များ ရှိရပါမယ် -

 - နည်းပညာများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ကောင်းမွန်စွာ အသုံးချနိုင်သည့်စွမ်းရည်၊

 - Database များနှင့် အင်တာနက်ကို ရင်းနှီး ကျွမ်းဝင်စွာ အသုံးချနိုင်ခြင်း၊

 - အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်ခြင်းနှင့် စီမံခန့်ခွဲမှုစွမ်းရည်ရှိခြင်း၊

 - စာကြည့်တိုက်ရှိ အရင်းအမြစ်များကို အသုံးပြုတတ်ခြင်းနှင့် စာကြည့်တိုက် အသုံးပြုသူများရဲ့ လိုအပ်ချက်များကို အကဲဖြတ်နိုင်ခြင်း၊

 - တင်ဆက်မှုနှင့် စကားပြော ကျွမ်းကျင်မှု စွမ်းရည်ရှိခြင်း၊

 - ပညာရပ်များ (သို့) ပညာရပ်တစ်ခုကို  အထူး ကျွမ်းကျင်စွာ   သိရှိတတ်မြောက်ခြင်း  

 (ဥပမာ - ICT နည်းပညာကို ကျွမ်းကျင်တတ်မြောက်ခြင်း) တို့ပဲ ဖြစ်ပါတယ်။

မေး ။ ကျေးဇူးတင်ပါတယ်ရှင်။ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်မှာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် မှူးအနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် အမှတ်တရ  စကား ပြောကြားပေးပါဦး။

ဖြေ ။ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်မှာ ရန်ကုန် တက္ကသိုလ်   စာကြည့်တိုက်မှူး     တစ်ယောက်အနေနဲ့ ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူရပါတယ်လို့ ပြောကြားလိုပါတယ်ရှင်။

 

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး ဒေါ်သင်းသင်းစိုး ၏ ကိုယ်ရေးအကျဉ်း

- ၁၉၉၇ တွင် ဝိဇ္ဇာဘွဲ့ (သမိုင်း) ရရှိသည်။

 - ၂၀၀၁ တွင်  စာကြည့်တိုက်နှင့်  သုတပညာ ဒီပလိုမာဘွဲ့ ရရှိသည်။

 - ၂၀၀၃  တွင် စာကြည့်တိုက်နှင့် သုတပညာ မဟာဝိဇ္ဇာဘွဲ့ရရှိသည်။

 - ၂၀၁၀ တွင် ရန်ကုန်တက္ကသိုလ်မှ Global English (Dip) ဘွဲ့ရရှိခဲ့ပါသည်။

 - ၁၉၉၁ ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် နေ့စားလုပ်အားပေးအဖြစ် စတင်ဝင်ရောက် တာဝန်ထမ်းဆောင်သည်။

 - ၁၉၉၅ အမြဲတမ်းဝန်ထမ်းအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ထမ်းဆောင်သည်။

 - ၂၀၁၂ လက်ထောက်စာကြည့်တိုက်မှူးရာထူးဖြင့် မအူပင်တက္ကသိုလ်၌ တာဝန်ထမ်းဆောင်သည်။

 - ၂၀၁၄ ဒဂုံတက္ကသိုလ်တွင် စာကြည့်တိုက်မှူး ရာထူးဖြင့် တာဝန်ထမ်းဆောင်သည်။

 - ၂၀၁၆ မုံရွာတက္ကသိုလ်တွင် စာကြည့်တိုက်မှူး ရာထူးဖြင့် တာဝန်ထမ်းဆောင်သည်။

 - ၂၀၁၉ ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက်မှူးရာထူးဖြင့် တာဝန်ထမ်းဆောင်သည်။

ရီရီမြင့်၊ ဓာတ်ပုံ..ဇော်မင်းလတ်