Skip to main content

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်စက်မှုဇုန် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် သြဂုတ် ၆

ကယားပြည်နယ်အတွင်း နယ်မြေဒေသ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီး လွိုင်ကော်စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများ စတင်လည်ပတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်စက်မှုဇုန်၌ စက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အမှာစကား ပြောကြား

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက လွိုင်ကော်စက်မှုဇုန် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေမှု၊ လွိုင်ကော် စက်မှုဇုန်လုပ်ငန်းများ မှတ်ပုံတင်ထားရှိမှု၊ စက်မှုဇုန်အတွင်း ကတ္တရာလမ်းအကောင်အထည်ဖော်ဆောင်ရွက်မှု၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းပေးရန် လိုအပ်မှု၊ ထရန်စဖော်မာများ တပ်ဆင်ပေးမည့်အခြေအနေနှင့် လုပ်ငန်းများစတင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် သစ်အချောထည်နှင့် သစ်ပါးလွှာလုပ်ငန်း၊ သစ်ခွဲစက်လုပ်ငန်း၊ ပရိဘောဂစက်ရုံ၊ ဆန်စက်၊ ဆီစက်၊ သီးနှံအခြောက်ခံစက်ရုံ၊ ရက်ကန်းလုပ်ငန်း၊ စက္ကူစက်၊ ကြက်စာအစာစပ်စက်ရုံ၊ မော်တော်ယာဉ်အလုပ်ရုံလုပ်ငန်းရှင်များက လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လိုမှု၊ အခက်အခဲ၊ လိုအပ်ချက်နှင့် ဖြည့်ဆည်းပေးရန်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်မှုဇုန်အတွင်း စက်ရုံအလုပ်ရုံများ ထိခိုက်ပျက်စီးခဲ့မှုနှင့် လုပ်ငန်းများစတင်ဆောင်ရွက်ရန် ပြင်ဆင်နေမှု၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာအသုံးပြုနိုင်ရန် ဆောင်ရွက်ထားသည့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံထိန်းချုပ်ခန်းနှင့် Switch Yard များ ထိခိုက်ပျက်စီးမှု၊ ပြန်လည်ပြုပြင်ရန်လိုအပ်သည့်အခြေအနေ၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ၊ အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ယာဉ်ရပ်နားစခန်း အမြန်ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး မှာကြားသည်။

သတင်းစဉ်