နေပြည်တော် ဩဂုတ် ၂
PDF အမည်ခံ အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဆည်ရွာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၂ နာရီခွဲတွင် အဆိုပါကျေးရွာနေ ဆည်ရွာကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ဝါဝါမိုး (၄၀) နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ဝါဝါမိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥဒေမဲ့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏လုပ်ရပ်အား ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။