နေပြည်တော် ဩဂုတ် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၄ ကျောင်း၌ ကျောင်းသား/ ကျောင်းသူ ၃၉၀ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား/ ကျောင်းသူ ၂၉၅၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား လျက်ရှိသည်။
ထိုသို့ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အဆိုပါကျောင်းများ၌ တပ်မတော်သားများ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ကျောင်းပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက် များအားခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော် ဆယ်တင်ပေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။