Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် သြဂုတ် ၁

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါရုံး ယာယီဝန်ထမ်း အိမ်ရာ(၁)၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုစာရင်းစစ် ချုပ်က ယာယီဝန်ထမ်းအိမ်ရာ(၁)ရှိ သတ်မှတ်နေရာ၌ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေး၍ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ကံ့ကော်ပျိုးပင် များကို စိုက်ပျိုးပေးကြပြီး ဝန်ထမ်းများက သရက်၊ အုန်းချို၊ ပိန္နဲ၊ ကံ့ကော်၊ ခရေစသည့် အရိပ်ရနှစ်ရှည်ပင်များနှင့် စက္ကူပန်းပင်၊ နွယ်သာကီ၊ ပန်းအိနှင့် ခရာဝါ စသည့်ပန်းအလှပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရ ပင် ၁၂၀ နှင့် ပန်းအလှပင် ၂၀၀ စိုက်ပျိုးခဲ့ကြပြီး လမ်းဘေးဝဲ/ယာနှင့် အိမ်ရာပတ်ဝန်းကျင် စိမ်းလန်း စိုပြည်သာယာလှပရေး၊ ဝန်ထမ်းနှင့်မိသားစုများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေး ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ခံခဲ့ရသည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား Container House များတွင် နေရာချထားမှုနှင့် အခြေချနေထိုင်မှု၊ လျှပ်စစ်မီးနှင့် သောက်သုံးရေသွယ်တန်းပြီးစီးမှုတို့ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။

သတင်းစဉ်