Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလေ့ကျင့်ခန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၃၀

မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) ဖွဲ့စည်းရန်ရည်ရွယ်၍ မေ ၁၂ ရက်မှ ဩဂုတ် ၁ ရက်အထိရက်သတ္တ ၁၂ ပတ်ကြာ စုဖွဲ့လေ့ကျင့်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ တို့သည် ယမန်နေ့က ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ကယ်ဆယ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များမှာကြားကာ ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ လေ့ကျင့်ဆောင်ရွက်မှုကို မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ငလျင်ဘေးအန္တရာယ် ရုတ်တရက်ကျရောက်ပါက အဆောက်အအုံပြိုကျပျက်စီးမှုများတွင် ထိခိုက်ဒဏ်ရာရရှိသူများကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတကာမြို့ပြရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့များနည်းတူ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များ ရင်ပေါင်တန်းဆောင်ရွက်နိုင်စေရန်နှင့် မီးသတ်ဦးစီးဌာနတွင် မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team)ကို အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြံပေးအဖွဲ့ (Interna- tional Search and Rescue Advisory Group-INSARAG)၏ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက မြို့ပြရှာဖွေကယ်ဆယ်ရေး နည်းစနစ်များဖြစ်သည့် ပြိုကျနံရံများ ဒေါက်ထောက်ခြင်းနည်းစနစ် (Shoring Techniques) ၊ ကြိုးအသုံးပြု၍ ထမ်းစင်ချကယ်ဆယ်ရေးနည်းစနစ် (Rope Rescue Techniques)၊ အခန်းတွင်း ပိတ်မိနေသူများအား နံရံထွင်းဖောက်ဖြတ်တောက်ကယ်ဆယ်ခြင်းနည်းစနစ် (Breaking and Breeching Techniques)များကို လက်တွေ့လေ့ကျင့်ပြသခဲ့ကြသည်။

အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲချုပ်နှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်