ရန်ကုန် ဇူလိုင် ၂၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရန် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ ကြီးကြပ်ရေးဦးစီးကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ကြီးကြပ်ရေးကော်မတီတို့ကို ဖွဲ့စည်းထားရှိကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ ကြုံတွေ့နေရသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်လင်းစွာတင်ပြကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်နှင့်ထားဝယ်တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ခြင်းဆိုင်ရာများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်