နေပြည်တော် ဇူလိုင် ၂၈
မြန်မာနိုင်ငံ စာရင်းကောင်စီမှ ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဆိုင်ရာဒီပလိုမာသင်တန်း (Diploma in International Public Sector Accounting Standards - Dip IPSAS) သင်တန်းအမှတ်စဉ် (၂) အပိုင်း (၁) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် ခိုင်မာအားကောင်းသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာစေရေး၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများတွင် စာရင်းပညာကျွမ်းကျင်သူ၊ စာရင်းပညာရှင် နိုင်ငံ့ဝန်ထမ်းများ အချိုးညီတိုးပွားလာစေရေးနှင့် စာရင်းပညာပြန့်ပွားစေရေးတို့အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်း တက်ရောက်ခြင်းဖြင့် IPSAS စာရင်းစံများနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ ရရှိစေမည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသော ဘဏ္ဍာရေးအစီရင်ခံစာများကို ရေးဆွဲရာတွင် အကူအညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ကောင်းမွန်သည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြစ်ပေါ်စေမှုတွင် များစွာအကျိုးရရှိစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်နေကြသည့်နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သင်ကြားပို့ချမှုများအပြင် စာရင်းစံဆိုင်ရာ တိုးတက် ပြောင်းလဲမှုများကိုလည်း စဉ်ဆက်မပြတ်လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ယခုသင်တန်းအောင်မြင်ပြီး အပိုင်း (၂)၊ အပိုင်း (၃) သင်တန်းသို့ ဆက်လက်တက်ရောက်ပြီး ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိရေး ဆက်လက်ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား သုံးဦး၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၁၃ ခုမှ သင်တန်းသား ၂၈ ဦး စုစုပေါင်းသင်တန်းသား ၃၁ ဦး တက်ရောက်ခဲ့ပြီး အပိုင်း (၃) အထိ အောင်မြင်ပြီးမြောက်သူများအား ဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
တက်ရောက်
သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ (၁) ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်