ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၆၃၅၄ ဧကရှိသောနယ်မြေကို “ချောင်းညီကိုဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်( ၇၄ /၂၀၂၅) အရ ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၃ ရက် (၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ် ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန်စသော ရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်နှင့် ဒီရေတော ဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ် တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
ချောင်းညီကိုဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိကသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဓမ၊ ပင်လယ်အုန်းစသည့် သစ်မျိုးများနှင့် သရော၊ နှံဗြူး (ငှက်) နှင့် ဓနိပင်စသည့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုပ်ငှက်၊ ရေညှောင့် နှုတ်ဝိုင်းငှက်၊ တင်ကြီးငှက်၊ ငှက်တုံးငှက်စသည့် ငှက်မျိုးများ၏ နေရင်းဒေသကို ထိန်းသိမ်းနိုင် မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ကဏန်း၊ ပုစွန်များ ရှင်သန်ပေါက်ပွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့်ဂေဟစနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန