Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က သီရိမင်္ဂလာဈေးသစ် နှစ်ထပ်ဆောင်ခန်းမ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် တာဝန်ရှိသူများက ဈေးသစ်တည်ဆောက်ပြီးစီးမှုနှင့် ဈေးရုံသစ်များ တည်ဆောက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ဈေးအတွင်း ဈေးရုံများ တည်ဆောက်ပြီးစီးမှုနှင့် ဈေးရုံသစ်များ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဈေးအတွင်း ရောင်းဝယ် ဖောက်ကားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ဈေးသူ ဈေးသားများ၊ ဈေးဝယ်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။

ယင်းနောက် အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်ကော်တက္ကသိုလ်နယ်မြေအတွင်းရှိ အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်းမ၌ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားများ ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုကို တင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လွိုင်ကော်တက္ကသိုလ်နယ်မြေအတွင်းရှိ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ပါမောက္ခချုပ်နေအိမ်များနှင့် ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များနှင့် စာသင်ဆောင်များ၊ အားကစားရုံနှင့် အားကစားကွင်းများ၊ အုတ်တံတိုင်းခြံစည်းရိုးများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါတက္ကသိုလ်တည်ဆောက်ရေးလုပ်ငန်းများသည် လုပ်ငန်းအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မထောခူကျေးရွာအုပ်စု ရေနီကန်ကျေးရွာ လယ်ယာကုန်ထုတ်လမ်း ကွန်ကရစ်လမ်းနှင့် ကျောက်စီရေမြောင်းလုပ်ငန်းနေရာသို့ ရောက်ရှိ၍ ကုန်ထုတ်လမ်းနှင့် ကျောက်စီရေမြောင်းပြုလုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ရေနီကန်ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လမ်းရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ထိန်းသိမ်းကြရန် ပြောကြားသည်။

ဆက်လက်၍ အဆိုပါကျေးရွာရှိ စံပြဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူးက စံပြဝက်မွေးမြူရေးခြံ တည်ဆောက်ထားရှိမှု၊ အသားတိုးဝက်နှင့် မျိုးဝက်မများ မွေးမြူထားရှိမှု၊ အစာသိုလှောင်ရုံ၊ မိလ္လာစွန့်ပစ်ကန်များနှင့် ခြင်၊ ယင်၊ လေကာစနစ်များ ထည့်သွင်းဆောင်ရွက်ထားရှိမှုအခြေအနေကို လိုက်လံရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လိုအပ်သည့် မျိုးဝက်များ လုံလောက်စွာ မွေးမြူပြီး အသားကဏ္ဍ ဖူလုံမှုရှိစေရန်အတွက် ယခုထက် ပိုမိုတိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်မည့်အခြေအနေကို ဖြည့်ဆည်းတင်ပြသည်။       

ယမန်နေ့ညနေပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လွိုင်ကော်မြို့ ချိကယ်ကန္ဒရဝတီဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းတိုက်ရှိ ဆရာတော် ဘဒ္ဒန္တတေဇာဝုဓ (သာသနဓဇဓမ္မာစရိယ) အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ထေးသမရပ်ကွက်နှင့် ချိကယ်ကျေးရွာအုပ်စု ကျေးရွာများအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားပြီး ပြည်သူများက ဖြည့်ဆည်းပေးရန် တင်ပြချက်များအပေါ် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေကိုသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက်သီရိမင်္ဂလာတောင်တော် (တောင်ကွဲ) စေတီတော်မြတ်နှင့် ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်တို့သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ စေတီတော်များ ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)