Skip to main content

နောင်ချိုမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း စတင်ဖွင့်လှစ်သင်ကြား၊ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ကျောင်းအဆောက်အအုံနှင့် ပရိဘောဂပစ္စည်းများ ပြုပြင်ခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်းသားမိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေးအတွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းကိုလည်း ယနေ့တွင် စတင်ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသား/ ကျောင်းသူ ၂၅၁ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည့်အပြင် ထပ်မံလာရောက်ကျောင်းအပ်နှံသူ ကျောင်းသား/ ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို တစ်ပါတည်း ပေးအပ်ကြသည်။

၎င်းအပြင် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၃၇ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။