ပုသိမ် ဇူလိုင် ၂၆
ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ကျင်းပရာ ဆရာတော် သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ကရင်ရိုးရာဒုံးယိမ်းအကဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့က ဖားစည် ၉ ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ယနေ့အခမ်းအနားသည် ကရင်တိုင်းရင်းသားအားလုံး၏ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားဖြစ်ပါကြောင်း၊ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားတွင် ယခုကဲ့သို့ မိမိတိုင်းရင်းသားများ စုစုစည်းစည်းပြန်လည်တွေ့ဆုံရသည်မှာ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ပြောရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက ဝါခေါင်လချီဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားကျင်းပကြသည့် ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ထို့နောက် ကျုံပျော်မြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက ပြာမလော့ကျေးရွာကျောင်းတိုက် ဆရာတော်ဥူးဉာဏဇောတိ၊ ပုသိမ်မြို့နယ်၊ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး Bishop ဟင်နရီ မန်းအိုင်ခလိန်တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ) အကြောင်း စာတမ်းဖတ်ကြားကာ တိုင်းဒေသကြီးအဆင့် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ) ကျင်းပရေးကော်မတီတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧည့်သည်တော်များအား ဘိုးဘွားများကကရင်ရိုးရာ ချည်ဖြူဖွဲ့ပေးခဲ့ကြပြီး ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
ထို့နောက် ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာအုပ်စု တောင်သူ ဦးကျော်ကျော်ဦး၏ စိုက်ဧကငါးဧကတွင် အောင်နိုင်တိုးစပါးမျိုးအား ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲရန်နှင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး ဓာတ်မြေဩဇာကြဲပက်ခြင်းနှင့် ပေါင်းလိုက်တမန်းနှိုးရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် တောင်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်