Skip to main content

တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၂၄ 

နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက တပ်ကုန်းမြို့ရှိ မဟာဇနကကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာန နာယက၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာ ထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော် ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။

ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒ ကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ မဟာထေရ်မြတ်ကြီးထံမှ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်  ဆွမ်းဆန်တော်များ  ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တပ်ကုန်းမြို့၊ မြို့ဦးပရိယတ္တိစာသင်တိုက် ပဓာနနာယက မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၁၉ ကျောင်း၊ သီလရှင်ကျောင်း ၅ ကျောင်း တို့တွင် သီတင်းသုံးနေထိုင်တော်မူကြ သော ရဟန်း၊ သာမဏေ ၇၀၉ ပါး၊  သီလရှင် ၁၆၉ ပါး၊ စုစုပေါင်း ၈၇၈ ပါးတို့အတွက် ဆွမ်းဆန် တော် ၁၄၄ အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)