Skip to main content

“ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၂၅

အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းမြင့်မားသည့် ပြောင်းသီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်စေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြောင်းသီးနှံအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေရေးနှင့် ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို အစိုးရ-ပုဂ္ဂလိက (Public Private Partnership - PPP) ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ “ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်းမွန်ပြီး ဒေသနှင့်ကိုက်ညီမှုရှိသည့် ပြောင်းသီးနှံမျိုးကောင်းမျိုးသန့်များကို ပြောင်းလဲစိုက်ပျိုးရေးသည် အဓိကကျသည့်အချက် ဖြစ်ကြောင်း၊ စိုက်ပျိုးထွက်ရှိလာသည့် ပြောင်းကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ပြောင်းတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပါက ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်မည့်အပြင် ပြည်တွင်းရှိ ဆေးဝါးနှင့် စားသောက်ကုန်များ ထုတ်လုပ်ရာ၌ လိုအပ်သောကုန်ကြမ်းများ တင်သွင်းရမှုကိုလည်း အစားထိုးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပို့ကုန်တန်ဖိုး နှစ်ဆတိုးမြှင့်ရေး မူဝါဒအကောင်အထည်ဖော်မှုကိုလည်း အထောက်အကူပြုလျက် နိုင်ငံ့စီးပွားပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် လက်တွေ့ဆောင်ရွက်နိုင်မည့် အချက်များကိုဖော်ထုတ်နိုင်ရေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့နှင့် ကုန်သည်လုပ်ငန်းရှင်များအားလုံးက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ ပညာရှင်ခုနစ်ဦးက ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ ငွေကြေးအရင်းအနှီးထောက်ပံ့မှု၊ မွေးမြူရေးအစားအစာ ထုတ်လုပ်နိုင်မှု၊ ပြည်ပတင်ပို့မှု၊ ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ သုတေသနပြုစာတမ်းများကို ဖတ်ကြားတင်သွင်းဆွေးနွေးကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြောင်းသီးနှံတန်ဖိုး ကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်