Skip to main content

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အဖြစ် “ဘယ်သူပြိုင်လို့ လှပါတော့နိုင်”ဇာတ်ကားအား Digitization ပြုလုပ်ပြီးစီး

ရန်ကုန်၊ အောက်တိုဘာ ၂၃


မြန်မာရုပ်ရှင်ချစ်ပရိသတ်များ စွဲလမ်းနှစ်သက်ခဲ့သော “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင်ဇာတ်ကားကို ကိုရီးယားရုပ်ရှင်ကောင်စီက Digitization ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့တွင် ၎င်းဇာတ်ကား၏ Digital Version နှင့် မူရင်းဖလင်များကို ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားသည် မြန်မာနိုင်ငံအတွင်း စာမတတ်သူပပျောက်ရေးလုပ်ငန်းတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြသည့် တက္ကသိုလ်နှင့်ကောလိပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၏ စေတနာအလှကို ဒါရိုက်တာဦးသုခက ၁၉၇၃ ခုနှစ်တွင် ရိုက်ကူးထားသော ဖြူမည်း ရုပ်ရှင်ဇာတ်ကားဖြစ်သည်။
ကိုရီးယားရုပ်ရှင်ကောင်စီသည် အာဆီယံနိုင်ငံများရှိ သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားများကို ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက် 2019 ASEAN Film Digitization Project ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရှိ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” (၁၉၇၃) ဖြူ/မည်းရုပ်ရှင် ဇာတ်ကားကို Digitization ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းထား

အဆိုပါ ဇာတ်ကား၏ Digital Version တွင် DCDM၊ DCP၊ MOV၊ MP4 နှင့် WAV File များ ပါဝင်ပြီး ၎င်း File များနှင့် မူရင်းဖလင်များကို ပြန်ကြားရေးဝန်ကြီးဌာန ဖလင် ပိဋကတ်တိုက်၌ သိမ်းဆည်းထားကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်ခဲ့သည့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ်အကြောင်း အမျိုးမျိုးဖြင့် နိုင်ငံ တကာသို့ရောက်ရှိနေသော မြန်မာရုပ်ရှင်ဇာတ်ကားများနှင့် ပြည်တွင်းရှိ ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားများကို စုစည်း၍ Digital Restoration ပြုလုပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငြိမ်းကို(FDC)