ရန်ကုန်၊ အောက်တိုဘာ ၂၃
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ နည်းစနစ်ကော်မတီနှင့် ကိုရီးယားနိုင်ငံ (Taekwondo Promotion Foundation)တို့ ပူးပေါင်း၍ မြန်မာ တိုက်ကွမ်ဒိုအားကစားနည်း တိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ထွက်ပေါ်လာရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးနှင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ စိတ်ဖိစီးမှုများ လျော့ကျလာစေရေး၊ ကျန်းမာ၊ ကြံ့ခိုင်လာစေရန်နှင့် မိမိကိုယ်မိမိ ယုံကြည်လာစေရေး အလေးပေးဆောင်ရွက်သော လှုပ်ရှားမှုတစ်ခုအဖြစ် မြန်မာတစ်နိုင်ငံလုံးရှိ တိုက်ကွမ်ဒိုအသင်းအဖွဲ့များမှ မိမိတို့ အသင်းကစားသမားများအား နေအိမ်နေသည့်ကာလ တစ်လျှောက်တွင် Zoom Virtual Taekwondo Training များဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
“ဒီသင်ကြားပေးမှုက အသင်းတွေက သူတို့ကစားသမားတွေကို သင်ကြားပေးဖို့နဲ့ အသင်းတိုင်းရဲ့လှုပ်ရှားမှုတစ်ရပ်အနေနဲ့ အများဆုံးသင်ကြားပေးနိုင်တဲ့ ကလပ်ကို ဆုချီးမြှင့်သွားမှာပါ။ တချို့က Zoom virtual training ကို ၁၀ ယောက်လောက်ပဲ အချိန်နဲ့ခွဲသင်တယ်။ ကျွန်တော်တို့က Zoom ကနေ ကစားသမားအများဆုံး သင်ကြားတဲ့အသင်း ငါးသင်းကို အတက်ကြွဆုံးအသင်းဆုတွေ ပေးတာပါ။ အခုလို ကိုဗစ်ကာလကြီးမှာ လူတိုင်းစိတ်ဖိစီးမှုကင်းဝေးပြီး ကျန်းမာကြံ့ခိုင်မှု၊ အားကစားလှုပ်ရှားမှုတစ်ခုအဖြစ်နဲ့ လုပ်ပေးတာပါ။ အဓိက မြန်မာ- ကိုရီးယားသံတမန်ဆက်ဆံရေး (၄၅)နှစ်မြောက် အထိမ်းအမှတ်အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ပေးစေတာလည်း ပါပါတယ်။ ဒါကြောင့် ပြိုင်ပွဲမတိုင်ခင်အထိ ကျင်းပပေးခြင်းလည်း ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နည်းစနစ်ကော်မတီမှ ဦးကျော်သန်းဦးက ပြောသည်။ အဆိုပါ သင်ကြားမှုတွင် အကောင်းဆုံး အသင်းငါးသင်းအား ရွေးချယ်၍ ကိုရီးယား ဒိုဘုခ်များ ၁၀ ထည်စီ ဆုအဖြစ် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး