Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်နိုင်မည့်အခြေအနေများနှင့် စာဆိုဗိမာန်တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာကြည်စိုးထွန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံ(Red Carpet Theatre)အဖြစ် အဆင့်မြှင့်တင်နိုင် မည့်အခြေအနေများနှင့် စာဆိုဗိမာန်တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်နိုင်ရေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝဇီရာရုပ်ရှင်ရုံသို့ရောက်ရှိကြပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရုပ်ရှင်ရုံ၏ နောက်ခံသမိုင်းကြောင်း၊ ဗိသုကာဆိုင်ရာထူးခြားမှု၊ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်အကောင်အထည်ဖော်သွားမည့်လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ပြီးစီးပါက ရရှိလာနိုင်မည့်အကျိုးရလဒ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာကြည်စိုးထွန်းက ဝဇီရာရုပ်ရှင်ရုံ သမိုင်းကြောင်းခေတ်အဆက်ဆက် ရုပ်ရှင်ဇာတ်ကားများပြသခဲ့မှုနှင့် ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး ရုပ်ရှင်ရုံအားအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီသည့် ရုပ်ရှင်ရုံတစ်ခုအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရုပ်ရှင်ရုံ၏ ယခင်မူလမှတ်တမ်းဓာတ်ပုံများအား ပြန်လည်စုဆောင်း၍ ယခင်ပုံစံအတိုင်း မူလလက်ရာမပျက်စေဘဲ စနစ်တကျဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရုပ်ရှင်ရုံပတ်ဝန်းကျင်၌ ကားရပ်နား ရန်နေရာများ စနစ်တကျဖြစ်စေရေးနှင့် အများပြည်သူသွားလာမှု အဆင်ပြေစေရေး လူသွားစင်္ကြံများအား စနစ်တကျဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝဇီရာရုပ်ရှင်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်တွင် တည်ဆောက်ထားရှိခဲ့ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာအသွင်အပြင်များပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများဖြင့် တည်ဆောက်ထားသော ရှေးဟောင်းအဆောက် အဦတစ်လုံးဖြစ်ပြီး ယခုအခါ အဆိုပါဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

စာဆိုဗိမာန် အဆောက်အဦတည်ဆောက်ရေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းရှိမြန်မာနိုင်ငံတွင်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်သည့် အထိမ်းအမှတ်အနေဖြင့် တည်ဆောက်လျက်ရှိသည့် စာဆိုဗိမာန် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန်အဆောက်အဦအား သုံးထပ်အဆောက်အဦအဖြစ် တည်ဆောက်လျက်ရှိမှု၊ အဆောက်အဦအား စနစ်တကျတည်ဆောက်နိုင်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိမှု၊ စာဆိုဗိမာန်အား အထပ်အလိုက် ပြခန်းများခင်းကျင်းပြသနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် ယခင် ၃ ထပ်အဆောက်အဦအား စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မှုများအား သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့် အဆောက်အဦများဖြစ်စေရေး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ စာဆိုဗိမာန်ဆောက်လုပ်ပြီးစီးပါက ဓာတ်ပုံများနှင့် သမိုင်းအထောက်အထားစာရွက်စာတမ်းများအား ခင်းကျင်းပြသရာတွင် ကြည်လင်ပြတ်သားစွာ ပြသထားရှိနိုင်ရန်လိုကြောင်း၊ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဆောက်အဦအား ပြည်သူများဗဟုသုတဖြစ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်များ တိုးပွားစေရန်ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်သဖြင့် ဆိတ်ငြိမ်စွာဖြင့် စာပေဖတ်မှတ်လေ့လာ နိုင်ရေးစီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အဆောက်အဦလုပ်ငန်းများအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကိုလည်း စီမံဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စာဆိုဗိမာန် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

အဆိုပါစာဆိုဗိမာန် အဆောက်အဦကို သုံးထပ်အဆောက်အဦအဖြစ် တည်ဆောက်လျက်ရှိပြီး တည်ဆောက်ပြီးစီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာဆောင်ရွက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်၊ သမိုင်းဝင်ဂီတအနုပညာများ ခင်းကျင်းပြသမည့်ပြခန်းများ၊ ပေပုရပိုက်များ ခင်းကျင်းပြသမည့် ပြခန်းများ၊ သမိုင်းဝင်ကဗျာများ ခင်းကျင်းပြသမည့် ပြခန်းများ၊ စာပေဆုရခဲ့ဖူးသော စာအုပ်စာပေများ ခင်းကျင်းပြသမည့်ပြခန်းများ၊ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်တာစာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများကို ထည့်သွင်းထားရှိသွားမည်ဖြစ်သည်။

ယခင်စာပေဗိမာန်စာကြည့်တိုက်သည် စာပေဗိမာန် သုံးထပ်အဆောက်အဦ၏ ပထမထပ်တွင်တည်ရှိပြီး ယခုတိုးတက်လာသည့် လူဦးရေနှင့် မြို့ပြဖွံ့ဖြိုးမှုအခြေအနေများအရ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် “အမှောင်ခွင်း၍ အလင်းဆောင်အံ့ ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများအသိဉာဏ်ပညာ တိုးပွားစေရန်၊ မြန်မာစာပေ ဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေရန်၊ ပြည်သူများဗဟုသုတဖြစ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်များ တိုးပွားစေရန်ရည်ရွယ်၍ ယခင်အဆောက်အဦအား ပြန်လည်ပြုပြင်မွမ်းမံ၍ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။