Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ

နေပြည်တော် ဇူလိုင် ၁၄

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲများပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများပြောကြားကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅)မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည် တာဝန်ကျရာတပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါသည်-

၁။ ဒီသင်တန်းမှာ သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို တိုင်းပြည်ရဲ့ တစ်စိတ်တစ်နေရာမှာ အသုံးချသွားမယ်လို့ ခံယူထားပါတယ်။ အပြင်လောကထက် စာလို့ရှိရင် ဒီထဲမှာ စည်းကမ်းတွေလည်း အများကြီးရှိတယ်။ ပြီးတော့ စစ်ပညာတွေလည်း အများကြီး ရပါတယ်။ လူတိုင်းမလုပ်နိုင်တဲ့ စစ်သားဖြစ်တော့မှာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။

၂။ ပြည်သူ့စစ်မှုထမ်းကို ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ ကိုယ်ကိုယ်တိုင်တာဝန်ထမ်းဆောင်ချင်လို့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ တာဝန်ထမ်းဆောင်ရတော့မယ်ဆိုတော့ စိတ်ထဲမှာလည်း ပျော်ပါတယ်။ ပြည်သူတွေအတွက် အသက်စွန့်ပြီးတော့ ကာကွယ်ရမယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ အပြင်မှာနေသလို အရပ်သား မဟုတ်တော့ဘဲ ကိုယ့်နိုင်ငံသားကို ကိုယ်ပြန်စောင့်ရှောက်ရမယ့် သူရဲကောင်း တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူမိပါတယ်။

သတင်းစဉ်