Skip to main content

ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့၌ ပြုလုပ်သော အစားအစာနှင့် ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်း ပါဝင်ပြသ

နေပြည်တော် ဇူလိုင် ၁၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ အစားအစာနှင့် ခရီးသွားပြပွဲကို “In Siberia-THERE is!” ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများက မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်းကို ပါဝင်ပြသခဲ့သည်။

အဆိုပါပြပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသရှိ စက်မှု၊ ကုန်သွယ်ရေးနှင့် စွန့်ဦးတီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဆိုက်ဗေးရီးယားရှိ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းရှင်များဖက်ဒရေးရှင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြပွဲကာလအတွင်း ကုန်စည်ပြပွဲများ၊ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အစားအစာ အချက်အပြုတ်ပြိုင်ပွဲများ၊ ဝိုင်နှင့် ချိစ်ပြိုင်ပွဲများပါဝင်၍ ယဉ်ကျေးမှုအကများ၊ တေးသံသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ပြပွဲသို့ နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းရှင်များ၊ ချိစ်နှင့် ဝိုင်အပါအဝင် အစားအစာထုတ်လုပ် ရောင်းချသူများ၊ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများ၊ ဂီတနှင့် အနုပညာရှင်များ၊ ဧည့်လမ်းညွှန်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် မီဒီယာများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဇူလိုင် ၁၁ ရက်တွင် ကျင်းပပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသ စက်မှု၊ ကုန်သွယ်ရေးနှင့် စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တက်ရောက်အမှာစကားပြောကြားကာ ပြပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး နိုဗိုစီဗစ်ဒေသရှိ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏  မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်းတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် သင်တန်းသားများနှင့် မြန်မာမိသားစုများက အစားအစာပြင်ဆင်ချက်ပြုတ်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခြင်းတို့တွင် ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးကြသည်။

မြန်မာ ခရီးသွားပြခန်းတွင် မြန်မာ့ရိုးရာအစားအစာများဖြစ်သော မုန့်ဟင်းခါး၊ လက်ဖက်၊ မြန်မာဝိုင်အစရှိသည်တို့ကို နမူနာပြင်ဆင်ချက်ပြုတ်ပြသကာ ပြခန်း သို့ လာရောက်သူများကို ဧည့်ခံကျွေးမွေးခြင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများအကြောင်း ရှင်းလင်း မိတ်ဆက်ပြောကြားခြင်းနှင့် ရုရှား − မြန်မာနှစ်နိုင်ငံမှ ဟိုတယ်၊ ခရီးသွားနှင့် အစားအသောက်လုပ်ငန်း ဆောင်ရွက်သူများအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် မြန်မာ့ရှေးခေတ်စစ်သူကြီးဝတ်စုံများ၊ မှူးမတ်ဝတ်စုံများ၊ သူငယ်တော်ဝတ်စုံများဖြင့် တွဲဖက်ကာ ဓာတ်ပုံရိုက်ခြင်း၊ မြန်မာ့ရုပ်သေးအက၊ မြန်မာ့ရိုးရာစောင်း၊ ဦးရွှေရိုး ဒေါ်မိုးအကတို့ဖြင့် ဖျော်ဖြေခြင်းတို့ကို ဆောင်ရွက်ရာ ပြခန်းသို့ လာရောက်သူများ အထူးစိတ်ဝင်စားကြကြောင်း သိရသည်။

အဆိုပါပြပွဲသို့ ပါဝင်ပြသခြင်းဖြင့် မြန်မာ့ရိုးရာအစားအစာများ၊ မြန်မာ့ယဉ်ကျေးမှု အနုပညာများနှင့် မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသများအကြောင်းကို ပြပွဲသို့ လာရောက်သူများထံ တိုက်ရိုက်ဖြန့်ဝေဆောင်ရွက်နိုင်ခြင်း၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံအကြောင်းကို ပိုမိုသိရှိကာ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ရာ ရုရှားခရီးသွားဈေးကွက်မြှင့်တင်နိုင်ရန်အတွက် အထောက်အကူဖြစ်စေသည့် အစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်