Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်း ဖွင့်ပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၁၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကော်မရှင်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် အရာထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်ရုံးတွင် နေ့ကလေးထိန်းကျောင်းဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ၏ ရင်သွေးငယ်များအား မိဘများမှ ရင်အုပ်မကွာ ပြုစုစောင့်ရှောက်မှုပေးနိုင်ပြီး စိတ်ချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်သည့် လုပ်ငန်းခွင်ကို ဖန်တီးပေးရန်ရည်ရွယ်ပါကြောင်း၊ ကလေးငယ်များကို အနီးကပ်ထိန်းကျောင်းပေးသည့် ဆရာမများကလည်း စေတနာအပြည့်ဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ကလေးများအားလုံး လက်လှမ်းမီရရှိစေရန် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သည့် မူလတန်းကြိုကျောင်းနှင့် နေ့ကလေးထိန်းကျောင်းများသာမက ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကိုလည်း တည်ထောင်ခွင့်ပြုမိန့်များထုတ်ပေးပြီး နည်းပညာ၊ သင်ထောက်ကူပစ္စည်းများနှင့် ဆရာမလစာများကို ပံ့ပိုးပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က နေ့ကလေးထိန်းကျောင်းအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ၊ ကစားစရာအရုပ်၊ မုန့်များနှင့် ကော်မရှင်အမှတ်တံဆိပ်ပါ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ နေ့ကလေးထိန်းကျောင်းကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်