ရန်ကုန် ဇူလိုင် ၈
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁၀၉) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ဆရာများသည်အနန္တဂိုဏ်းဝင် လက်ဦးဆရာဖြစ်သည့်အတွက် ကျောင်းသားလူငယ်များကို အသိပညာ၊ အတတ်ပညာ၊ ကာယ၊ ဉာဏ၊ စာရိတ္တအပြင် စိတ်ဓာတ်ကောင်းမွန်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်တတ်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေးနှင့် တိုင်းပြည်၏အနာဂတ်အတွက် စိတ်ဓာတ်၊ စည်းကမ်းနှင့် အရည်အသွေးကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်နိုင်ရေးလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ မိမိတို့သည် တိုင်းပြည်နှင့် ပြည်သူတို့၏ အနာဂတ်အတွက် အရည်အချင်းပြည့်ဝသော နိုင်ငံ့သားကောင်းများဖြစ်စေရေး၊ လူငယ်လူရွယ်များကို အခြေခံကျကျ လေ့ကျင့်သင်ကြားပေးရန် တာဝန်ယူထားရသူများဖြစ်သည်ကို ဂုဏ်ယူတတ်စေပြီး တာဝန်ယူရသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် မှန်မှန်ကန်ကန်လုပ်ဆောင်၍ နိုင်ငံ့အကျိုးကို ရှေးရှုပြီး ပြည်သူကို အလုပ်အကျွေးပြုရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ငါးပတ်ကြာဖွင့်လှစ်မည်
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၉) သို့ သင်တန်းသား ၃၀၊ သင်တန်းသူ ၃၆၀ စုစုပေါင်း ၃၉၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၇ ရက်မှ ဩဂုတ် ၈ ရက်အထိ ရက်သတ္တငါးပတ်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်