နေပြည်တော် အောက်တိုဘာ ၁၉
မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်စဉ်ကျင်းပလျက်ရှိသော “ကျား၊မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု” အစီအစဉ်အား ယခု ၂၀၂၀ ပြည့်နှစ်တွင် ရုပ်သံပြိုင်ပွဲ အစီအစဉ် ပထမအကြိမ်အဖြစ် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်စဉ်ကျင်းပလျက်ရှိ
ယင်းလှုပ်ရှားမှု အစီအစဉ်ကို လွန်ခဲ့သော နှစ်ပေါင်း (၂၀)ကျော်ကတည်းက မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးတွင် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များ ပိုမိုဖြစ်ထွန်း လာစေရန်နှင့် အများပြည်သူဆိုင်ရာနေရာများ၊ သီးခြားနေရာများ အပါအဝင် မည်သည့်နေရာတွင်မဆို အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုများ ပပျောက်စေရေး ရည်ရွယ်ချက်ဖြင့် လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် တစ်ကမ္ဘာလုံးတွင် နှစ်စဉ်ကျင်းပလျက်ရှိသည်။
“ကျွန်တော်တို့ ကဲရ်မြန်မာအဖွဲ့အနေနဲ့ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တိုင်တိုင် ကျင်းပသော ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်မှာ နှစ်စဉ်လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပြီး ဒီနှစ်မှာလည်း “အကြမ်းဖက်မှုကင်းစင်သော အနာဂတ်နေ့ရက်များဆီသို့” ခေါင်းစဉ်ဖြင့် ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲကျင်းပခြင်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံ မှာ အမျိုးသမီး ခုနစ်ဦးလျှင် တစ်ဦးခန့်မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့နေရပြီး အိမ်ထောင်ရှင် အမျိုးသမီး ငါးဦးလျှင်တစ်ဦးမှာ အိမ်ထောင်ဖက်၏ အကြမ်းဖက်မှုကို ခံစားနေမှုဖြစ်ရပ်တွေ ရှိနေသေးတဲ့အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး လူထုကြားအသိပညာ ပိုမိုတိုးပွားလာစေဖို့နဲ့ အားလုံး ပူးပေါင်းဆောင်ရွက်လာနိုင်စေဖို့ ကျင်းပခြင်းဖြစ်ပါတယ်” ဟု CARE International in Myanmar အဖွဲ့အစည်းမှ Senior Program Manager ဒေါက်တာကိုကိုဇော်က ပြောကြား သည်။
ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သူများအနေဖြင့် (၅)မိနစ်ထက်မပိုသော ရုပ်သံဇာတ်လမ်းတို တစ်ခုဖန်တီးရမှာဖြစ်ပြီး ရုပ်သံအရည်အသွေးကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း ချက်အတိုင်း ဖန်တီးသွားရန် လိုအပ် ပါသည်။ ရုပ်သံအရည်အသွေးအား 1920x1080 (recom-mended frame size – 16:9 Aspect Ratio) ရှိသည့် MP4, MOV (H264 or H265) ဇာတ်လမ်းတိုများကို ကိုယ်တိုင်ဖန်တီးထားသူ (သို့မဟုတ်) ပါဝင်ဖန်တီးထားသူမှ ပြိုင်ပွဲဝင် လျှောက်လွှာကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၅ ရက် (မြန်မာစံတော်ချိန် ည ၁၀ နာရီ) နောက်ဆုံးထား၍ infor.yatpage@careint.org သို့ Online Transfer – WeTransfer, Google Drive, One Drive အစရှိသည့် နည်းလမ်းများဖြင့် အလွယ်တကူပေးပို့နိုင်သည်။
ကိုယ်တိုင်ရွေးချယ်
လူကြိုက်အများဆုံးဆုကို ကဲရ်မြန်မာအဖွဲ့၏ စိစစ်ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ပေးအပ် သွားမည်ဖြစ်ရာ ဇာတ်လမ်းတိုများအား CARE Myanmar Official Facebook မှတစ်ဆင့် အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ တစ်ပြိုင်တည်းပြသ၍ ပရိသတ်များအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်သော ဇာတ်လမ်းတိုများကို Facebook Like/React/ Share ပေးအပ်ခြင်းဖြင့် ကိုယ်တိုင်ရွေးချယ် နိုင်မည် ဖြစ်သည်။
ဂုဏ်ပြုဆုငွေများအနေဖြင့် အကောင်းဆုံးဇာတ်လမ်း တိုဆု ငွေကျပ်သိန်း ၂၀၊ ခေါင်းစဉ်အလိုက် အကောင်းဆုံးဆု နှစ်ဆုအတွက် ငွေကျပ် ၁၅ သိန်းစီနှင့် လူကြိုက်အများဆုံး ဆုငွေကျပ် ၁၀ သိန်းတို့ဖြစ်ပြီး ဇာတ်လမ်းတိုကို နိုဝင်ဘာ ၅ ရက် ည ၁၀ နာရီထက် နောက်မကျဘဲ ပေးပို့ရမည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဆုရရှိသည့် ဇာတ်လမ်းတိုများကို CARE Myanmar Facebook Page မှတစ်ဆင့် ကြေညာသွားမည်ဖြစ်သည်။ ဆုပေးပွဲ အခမ်းအနားအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
၁၆ ရက်တာ လှုပ်ရှားမှုသည် နို၀င်ဘာလ ၂၅ ရက် မှ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တိုင်တိုင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် နှစ်စဉ်ကျင်းပနေသော အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှု ကမ်ပိန်း တစ်ခု ဖြစ်သည်။
အဟန့်အတားများစွာ ကြုံတွေ့လျက်ရှိ
တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီး သုံးဦးလျှင် တစ်ဦးသည် သူ၏ဘ၀တွင် ကျား၊ မ အခြေပြု အကြမ်းဖက်မှုကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့နေရသည်။ ကျား၊ မ အခြေပြု အကြမ်းဖက်မှုသည် အများပြည်သူပိုင်နေရာတွင် လည်းကောင်း၊ ပုဂ္ဂလိက နေရာများတွင် လည်းကောင်း ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက်မှု ကြုံတွေ့နေရသူများသည် အကူအညီများ ရယူနိုင်ရန် အဟန့်အတားများစွာ ကြုံတွေ့လျက်ရှိသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် ပထဝီနေရာ အနေအထား၊ လူနေမှုအဆင့်အတန်း၊ ယဉ်ကျေးမှု နယ်နိမိတ်များ မသက်ဆိုင်ဘဲ လူအခွင့်အရေးကို ပြင်းထန်စွာချိုးဖောက်ခြင်း ဖြစ်သည်။
နောက်ဆက်တွဲအနေဖြင့် ကျူးလွန်ခံရသူ အမျိုးသမီးသာမက ကလေးငယ်များ၊ မိသားစု၀င်များ၊ ရပ်ရွာနှင့်လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအား ကျန်းမာရေးနှင့် စီးပွားရေး အကျိုးဆက်များစွာ အပါအဝင် ကြီးမားသောဆိုးကျိုး များကို သက်ရောက်စေလျက်ရှိသည်။
အကြမ်းဖက်မှုကို ခံစားနေကြရ
၂၀၁၅-၂၀၁၆ တွင် ပြုလုပ်သော မြန်မာနိုင်ငံလူမှုဘ၀နှင့် ကျန်းမာရေးဆိုင်ရာစစ်တမ်း (Myanmar Demogra-phic Health Survey)အရ မြန်မာနိုင်ငံတွင် အိမ်တွင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွားနှုန်းမှာ ၁၅ ရာခိုင် နှုန်းခန့်ရှိနေပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များလည်း မကြာခဏဖြစ်ပွားနေပါသည်။ ထိုစစ်တမ်းအရ အမျိုးသမီးခုနစ်ဦးလျှင် တစ်ဦးခန့်မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် မှု ကြုံတွေ့နေရပြီး အိမ်ထောင်ရှင်အမျိုးသမီး ငါးဦးလျှင် တစ်ဦးမှာ အိမ်ထောင်ဖက်၏ အကြမ်းဖက်မှုကို ခံစားနေကြရသည်။ ထိုသို့အကြမ်းဖက်မှုများ ကြုံတွေ့နေရသော်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့ရ သူများထဲမှ ၂၂ ရာခိုင်နှုန်းကသာ အကူအညီရယူခဲ့ပြီး ၃၇ ရာခိုင်နှုန်းမှာ ဖွင့်ဟ အကူအညီ တောင်းခြင်း မပြုခဲ့ပါ၊ ကျန် ၄၁ ရာခိုင်နှုန်းမှာ ဖွင့်ဟ ပြောဆိုခဲ့သော်လည်း အကူအညီမရခဲ့ပါ။ ထိုအချက် အလက်များအရ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသေးပြီး အမျိုးသမီးများ၏ နေ့စဉ်လူနေမှုဘ၀နှင့် လုပ်ငန်းခွင်တွင်သော်လည်း ကောင်း၊ အရင်းအမြစ်များ၊ အခွင့်အလမ်းများကို လက်လှမ်းမီမှု၊ ပူးပေါင်းပါ၀င်မှု၊ ခေါင်းဆောင်မှု အခန်း ကဏ္ဍများတွင်သော်လည်းကောင်း ကြီးမားသော အဟန့် အတားတစ်ခုဖြစ်နေကြောင်း မြင်တွေ့နိုင်သည်ဟု CARE Myanmar မှ သိရသည်။
ခင်ရတနာ