Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၅ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇွန် ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၃ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရေလှောင်တမံ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများသည် သတ်မှတ်နေရာများ၌ ရတနာတန်းဝင် ကျွန်းပင်များနှင့် မန်ဂျန်ရှားပင်များကို စိုက်ပျိုးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သတ်မှတ်နေရာများတွင် ဦးစီးဌာနအလိုက် ဝန်ထမ်းများ၏ မိုးရာသီသစ်ပင်စိုက်ပျိုးမှု များကို ကြည့်ရှုအားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပဆောင်ရွက်ပေးခြင်းသည် ဆည်တမံဝန်းကျင် စိမ်းလန်းစိုပြည်ရေးသာမက ဒေသ၏သဘာဝရာသီဥတု ညီညွတ်မျှတရေးကို အထောက်အကူဖြစ်စေမည့် သစ်ပင်သစ်တောများအဖြစ် ကောင်းစွာရှင်သန်ဖြစ်ထွန်းစေသည့်အတွက် ဂရုတစိုက် ပြုစုထိန်းသိမ်းသွားကြရန် တာဝန်ရှိသူများအား မှာကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်း ၂၀၆ ပင်၊ မန်ဂျန်ရှားပင် ၁၀၀ စုစုပေါင်း ၃၀၆ ပင် စိုက်ပျိုးခဲ့ကြကြောင်း၊ ယမန်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရေဆင်းရေလှောင်တမံ ဧရိယာ၌ စိုက်ပျိုးခဲ့သည့် နှစ်ရှည်ပင်များ၏ ၈၅ ရာခိုင်နှုန်းမှာ ကောင်းစွာ ရှင်သန်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဆင်းတက္ကသိုလ် နယ်မြေအတွင်း ယာယီအဆောက်အအုံများတွင် နေထိုင်ကြသည့် ဝန်ထမ်းများကို နေရာအလိုက် သွားရောက်ကြည့်ရှုအားပေးပြီး မွေ့ရာနှင့် ခေါင်းအုံးများပေးအပ်သည်။

ယင်းနောက် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်ရေသောက် ပင်လောင်းလမ်းဆုံအနီးရှိ နေပန်- လပန် နွေစပါးမျိုးစေ့ထုတ် စိုက်ခင်းများမှ တောင်သူများ ရက် ၉၀ စပါးခင်းရိတ်သိမ်းနေမှုကို ကြည့်ရှုစစ်ဆေးကာ တောင်သူများ လုပ်ဆောင်ရန်လိုအပ်ချက်များကို ပေါင်းစပ်ရှင်းလင်းမှာကြားခဲ့ ကြောင်းနှင့် ရိတ်သိမ်းရမည့်အချိန် တွင်မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အချိန်မီရိတ်သိမ်းနိုင်မှု မရှိ၍ တစ်ဧက ပျမ်းမျှ တင်း ၉၀ ကျော်သာထွက်ရှိပြီး နှံကောက် စပါးများမှာ တစ်ဧက ပျမ်းမျှတင်း ၁၃၀ ကျော် ထွက်ရှိကြောင်းနှင့် ဆက်လက်ရိတ်သိမ်းဆဲဖြစ်ကြောင်း သိရသည်။

သတင်းစဉ်