Skip to main content

မိုးစပါးစိုက်ပျိုးရေးစီမံကိန်း ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းရရှိစေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် ဇွန် ၁၁

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေတို့ဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်သမဝါယမဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေတို့ဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် ပန်းတိုင်ရည်မှန်းချက်ရရှိစေရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် သမဝါယမကဏ္ဍအနေဖြင့် နေပြည်တော်ရှိ မြို့နယ်ရှစ်မြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ တစ်ဧကလျှင် ကျပ် ၂ ဒသမ ၅ သိန်းနှင့်ညီမျှသော မျိုး၊ သွင်းအားစု တန်ဖိုးငွေကျပ် ၂၂၈၃ ဒသမ ၉၇၄ သန်းအား သမဝါယမအသင်း/ အသင်းသားတောင်သူများ၏ စိုက်ဧက ၉၁၃၅ ဒသမ ၈၉၆ ဧကအတွက် ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

 ဆက်လက်၍ တက်ရောက်လာကြသူများက အသီးသီးရှင်းလင်းဆွေးကြပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိများက မြို့နယ်အလိုက် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများနှင့် အခြေအနေများကိုလည်းကောင်း၊ မျိုး၊ သွင်းအားစုများကို ဖြန့်ဖြူးရောင်းချမည့်သူများ၏ လက်လီ၊ လက်ကားအရောင်းဈေးနှုန်းများနှင့် ကျေးရွာဒေသအရောက် ချိတ်ဆက်ရယူမည့် အစီအစဉ်များကိုလည်းကောင်း တင်ပြဆွေးနွေးကြရာ ညွှန်ကြားရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်