Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၉

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဓာတ်ပုံပညာရှင်များ၊ ဆုရစာပေပညာရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့်ဓာတ်ပုံ) ပြိုင်ပွဲ Video Clip ကိုပြသကာ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌက (ဝတ္ထုတို၊ ဆောင်းပါးနှင့် ကဗျာ) ဆုများရွေးချယ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ အလင်္ကာကျော်စွာ ဒါရိုက်တာပန်းချီစိုးမိုးက ဆုရဓာတ်ပုံများရွေးချယ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်နှင့် ဓာတ်ပုံပညာရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေများပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဓာတ်ပုံပညာရှင်များကို ငွေကျပ် ၁၅ သိန်းစီချီးမြှင့်ကာ ပြသထားသည့် ပြိုင်ပွဲတွင်ဆုရရှိသည့် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံများကို လှည့်လည် ကြည့်ရှုသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး သည် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ Kabaddi အားကစားအဖွဲ့ချုပ်နှင့်တွေ့ဆုံပြီး စနစ်တကျ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ အောင်မြင်မှုဆုတံဆိပ်များရရှိနိုင်ရေး၊ အားကစားသမားများ၏ စိတ်ဓာတ်ကောင်းမွန်ရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်