နေပြည်တော် ဇွန် ၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကျောင်းများ စတင်ဖွင့်လှစ်ပြီး ဒုတိယရက်ဖြစ်သော ယနေ့တွင် ကျောင်းသား ကျောင်းသူစုစုပေါင်း ၆၀၃၁၀၁၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း သား ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ ကြိုတင်နေရာချထားပေးခြင်း၊ ကျောင်းကြို/ ပို့ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့သည်။
ထိုသို့ နိုင်ငံအဝန်းရှိ အခြေခံပညာကျောင်းများ၌ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ကျောင်းသင်ခန်းစာများ သင်ကြား/ သင်ယူနေမှုတို့ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုသည်။
ဆရာမ
၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာတော့ ကျွန်မတို့ကျောင်းမှာ ကျောင်းသားဦးရေ ၁၅၂၀ တက်ရောက်နေပါတယ်။ မနှစ်ကကျောင်းသားဦးရေကို ပြည့်မီဖို့တော့ ၁၀၀ကျော် လိုပါသေးတယ်။ ဒီဇွန်လကုန်မှာတော့ ယခင်နှစ်က ကျောင်းသားဦးရေအတိုင်း ပြည့်မီမယ်လို့ ခန့်မှန်းထားရှိပါတယ်။ ဘာသာရပ်ခွဲဝေ မှုအနေနဲ့ကတော့ ကျွန်မတို့က တစ်နေ့ကို စာသင်ချိန် ရှစ်ချိန်နဲ့ တစ်ပတ်ကိုစာသင်ချိန် အချိန်ပေါင်း ၄၀ နဲ့ သင်ကြားပို့ချပေးပါတယ်။ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူတွေမှာတော့ တစ်ပတ် တစ်ကြိမ် စာဖတ်ချိန်ဆိုပြီးတော့ ကျောင်းသားလူငယ်တွေရဲ့ အသိပညာမြင့်မားဖို့အတွက် စာကြည့်တိုက်မှာ စာဖတ်ချိန်အဖြစ် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ အထက်တန်းအဆင့်မှာတော့ ကျွန်မတို့က ကျောင်းသားလူငယ်တွေဟာ အရင်တုန်းက စနစ်ဟောင်းပညာရေးမှာကျတော့ ကျွန်မတို့က ဆယ်တန်းကို အသက် ၁၆ နှစ်မှာ အောင်မြင်ပါတယ်။ အခုစနစ်သစ်ပညာရေးသည် အသက်၁၈နှစ်မှာ Grade-12 ကို အောင်မြင်မှာဖြစ်တဲ့အတွက် အသက် ၁၈ နှစ်ဖြစ်တဲ့ ဒီကျောင်းသား လူငယ်တွေဟာ ကျောင်းသားတွေရဲ့ အခွင့်အရေး၊ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဟာ မဲပေးပိုင်ခွင့်ဆန္ဒရှိတဲ့ ကျောင်းသားလူငယ်တွေ အခြေခံပညာရေးကဏ္ဍမှာ ပါဝင်လာပါတယ်။ ဒါကြောင့် ကျွန်မတို့က ကျောင်းသားလူငယ်တွေကို သူတို့ရဲ့အခွင့်အရေးတွေ၊ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးတွေ၊ ဥပဒေအကြောင်းအရာတွေကို သိဖို့အတွက် တစ်ပတ်စာ သင်ချိန် တစ်ချိန်ကို ဥပဒေရေးရာချိန်အဖြစ် ထည့်သွင်းသင်ကြားပေးလျက်ရှိပါတယ်။ ဥပဒေရေးရာအချိန်မှာတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းတွေကို သင်ကြားပေးပါတယ်။ နောက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ နိုင်ငံသားတိုင်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေအားလုံးကို သင်ကြားပေးနေပါတယ်ရှင်။
ကျောင်းသား
လွန်ခဲ့တဲ့လက ဖြစ်ပွားသွားတဲ့ ငလျင်ဘေးမှာ ကျွန်တော့်ရဲ့သူငယ်ချင်းတွေအားလုံး ဘာမှထိခိုက်မှုမရှိဘဲ ပျော်ပျော်ရွှင်ရွှင် အတူတူကျောင်းတက်ရတော့ ပျော်ပါတယ်။ လာမယ့် Grade-12 မှာ ခြောက်ဘာသာဂုဏ်ထူးရပြီး အမှတ်မီအောင် ကြိုးစားရမယ်။ ကျွန်တော် Grade-12 ပြီးသွားရင် Aerospace Engineering ဝင်ပြီးတော့ Spacecraft တွေ တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။
သတင်းစဉ်