Skip to main content

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်း ပါကစ္စတန်ကို နှစ်ကျော့စလုံး အနိုင်ယူ

ရန်ကုန် မတ် ၃၁

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (E) နောက်ဆုံးပွဲအဖြစ် ပါကစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ မတ် ၃၁ ရက်က ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့ရှိ ဂျန်နင်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ မအောင်မြင်သော်လည်း တတိယအဆင့်ခြေစစ်ပွဲတွင် ထိုက်သင့်သည့် ရလဒ်ကောင်းများ ရယူနိုင်ခဲ့ပြီး ပါကစ္စတန်ကို နှစ်ကျော့စလုံး အနိုင်ကစားနိုင်ခဲ့သည်။ မြန်မာအသင်းသည် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့် အုပ်စု (E) တွင် ကျရောက်ခဲ့ပြီး ဆီးရီးယားကို နှစ်ကျော့စလုံး အရေးနိမ့်သော်လည်း ကျန်နှစ်သင်းကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့သည်။

မြန်မာအသင်းသည် မတ် ၂၆ ရက်က ကစားသည့် အာဖဂန်နစ္စတန်နှင့်ပွဲမှ ပွဲထွက်လူစာရင်းကို နှစ်ဦးသာပြောင်းလဲခဲ့ပြီး ဇင်ညီညီအောင် (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ကျော်မင်းဦး၊ ဟိန်းဇေယျာလင်း၊ နန္ဒကျော်၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ ဇော်ဝင်းသိန်း၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင်၊ သန်းပိုင်တို့ကို အသုံးပြုခဲ့သည်။ ပထမပိုင်းတွင် အိမ်ရှင်ပါကစ္စတန်အသင်းက ထိန်းကစားနေသဖြင့် မြန်မာအသင်း ပိုဖိကစားနိုင်သော်လည်း တိုက်စစ်တွင် အချိတ်အဆက်လွဲချော်နေသဖြင့် ဂိုးသွင်းခွင့်မရဘဲ ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျနေသည်။ ပထမပိုင်းတွင် ပါကစ္စတန်အသင်းဂိုးရနိုင်သည့် အပိုင်အခွင့်အရေးတစ်ကြိမ်ရသော်လည်း မြန်မာဂိုးသမား ဇင်ညီညီအောင်ကာကွယ်နိုင်ခဲ့သည်။ ဒုတိယပိုင်းအစတွင် ပါကစ္စတန်အသင်းခံစစ်အမှားမှတစ်ဆင့် မြန်မာအသင်းဂိုးစတင်ရရှိပြီး ပါကစ္စတန်နောက်ခံလူ နောက်ပြန်ပေးရာမှတစ်ဆင့် ဂိုးသမားဟန်နစ်ကန်တင်ရာခြေချော်ပြီး ဂိုးထဲဝင်သွားခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ဆက်တိုက်ဖိကစားနိုင်ခဲ့ပြီး ၅၉ မိနစ်တွင် လွင်မိုးအောင်၏ ဖန်တီးပေးမှုမှတစ်ဆင့်သန်းပိုင်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင် ပါကစ္စတန်အသင်း ချေပဂိုးတစ်ဂိုးရခဲ့ပြီး ရှာရက်ဒို့စ် ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။

အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များအပြီးတွင် မြန်မာအသင်းက ခြောက်ပွဲကစား ၁၂ မှတ်၊ ပါကစ္စတန်အသင်းက ခြောက်ပွဲကစားနှစ်မှတ်ရရှိခဲ့သည်။  

ရဲရင့်လွင် ဓာတ်ပုံ-MFF