နေပြည်တော် မေ ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် မဟာဓမ္မပါရမီ မိုးကုတ်ရိပ်သာသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ပြီး ငလျင်ဒဏ်ခံရ သည့် ဌာနမှဝန်ထမ်းများ ယာယီနေထိုင်ခွင့်ပြုမှုအပေါ် သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကာ ဗိမာန်တော်ကြီး၌ ငလျင်ဒဏ်ခံစားရသည့်ဌာနမှ ဝန်ထမ်းများ ယာယီရွှေ့ပြောင်းနေရာချထားမှုများ၊ ယာယီတဲများ ပြင်ဆင်ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဥတ္တရသီရိ မြို့နယ် လက်လုပ်တောင်အနီးရှိ နှင်းသဇင်ဦးခြံတွင် ယာယီရွှေ့ပြောင်းရောက်ရှိနေသည့် ဝန်ထမ်းများကိုသွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ဝန်ထမ်းများ လက်ရှိနေရာချထားမှုနှင့် Container House များ တပ်ဆင်ဆောင်ရွက်နေမှု၊ သောက်သုံးရေရရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လုပ်ငန်းလိုအပ်ချက်များကိုမှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေညောင်တစ်ပင်ကျောင်းတိုက်သို့သွားရောက်၍ ကျောင်းတိုက်ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အသီးသီး၌ ယာယီရွှေ့ပြောင်းရောက်ရှိနေကြသည့် ဌာနမှဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်၍ ကျောင်းတိုက်အတွင်းနေရာချထားမှု၊ Con-tainer House ချထားတပ်ဆင်နိုင်ရေး မြေနေရာသတ်မှတ်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်းသို့သွားရောက်၍ ငလျင်ဒဏ်ခံရသည့် ဌာနမှဝန်ထမ်းများအားတွေ့ဆုံကာ မိုးရာသီကာလအတွင်း နေထိုင်စားသောက်မှု ဂရုပြုဆောင်ရွက်ရေး၊ အချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီစောင့်ရှောက်ကြရေး မှာကြားပြီး စားသောက် ဖွယ်ရာများ၊ ခြင်ထောင်နှင့် ဓာတ်ဆားထုပ်များကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် သင်တန်းကျောင်းအတွင်း ဝန်ထမ်းများ နေရာချထားမှု၊ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာ ဆောင်ရွက်ထားရှိမှုနှင့် စားသောက်ခန်းမအခြေအနေတို့ကိုလည်းကောင်း၊ Container House များရောက်ရှိပါက ချထားတပ်ဆင်ဆောင်ရွက်မည့် မြေနေရာပြင်ဆင်ထားရှိမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်